မန်ချက်စတာယူနိုက်တက်ယာယီနည်းပြ အိုလီဂန်းနားဆိုးလ်ရှားဟာ အသင်းကစားသမားစာရင်းရဲ့ စွမ်းဆောင်ရည်နဲ့ မလိုအပ်ဘဲ ထိခိုက်ဒဏ်ရာရရှိမှုကို ရှောင်လွှဲနိုင်ဖို့အတွက် အသင်းရဲ့အားကစားသိပ္ပံဌာနနဲ့ အနီးကပ်ပူးပေါင်းလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဆိုးလ်ရှားဟာ မန်ချက်စတာယူနိုက်တက်အသင်း ယာယီနည်းပြအဖြစ် စတင်ကိုင်တွယ်ခဲ့စဉ်ကတည်းက အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်ပြသနိုင်ခဲ့သူဖြစ်ပြီး ကိုင်တွယ်ခဲ့တဲ့ စုစုပေါင်း ၁၃ ပွဲမှာ ၁၁ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှုံးရလဒ်ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုဟာ အသင်းသားတွေနဲ့ စကားမပြောဘဲ အသင်းရဲ့အတွင်းပိုင်းတာဝန်ရှိသူတွေနဲ့လည်း ဆက်ဆံရေးမပြေလည်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ဆိုးလ်ရှားကတော့ မော်ရင်ဟိုလိုမဟုတ်ကြောင်း ပွဲရလဒ်တွေအပြင် အပြုအမူတွေနဲ့ပါ ပြသနေပြီဖြစ်ပါတယ်။
ယခုအချိန်မှာ ဆိုးလ်ရှားဟာ အသင်းလူစာရင်းရွေးချယ်ရာမှာ အထောက်အကူဖြစ်စေဖို့အတွက် ယူနိုက်တက်ရဲ့အားကစားသိပ္ပံဌာနနဲ့ နီးနီးကပ်ကပ် အလုပ်လုပ်နေပြီဖြစ်ပါတယ်။ အားကစားသိပ္ပံဌာနက ပေးတဲ့ အချက်အလက်တွေဟာ ဘယ်ကစားသမားက ၎င်းတို့ရဲ့ကန့်သတ်ချက်မှာ ကစားနေတယ်ဆိုတာကို သိရှိစေပြီး ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ဘယ်လောက်အကွာအဝေးအထိ ထိန်းချုပ်နိုင်ခဲ့တယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုပါ ဆိုးလ်ရှားကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။
နည်းပြမော်ရင်ဟိုဟာ ပထမဆုံး အင်္ဂလန်ကို ရောက်ရှိလာခဲ့ချိန်တုန်းတော့ ခေတ်သစ်နည်းပြတစ်ယောက်လို့ ထင်မှတ်ခံခဲ့ရပေမယ့် ကစားသမားတွေရဲ့ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး ရှေးရိုးစွဲစိတ်ထားမျိုး ရှိသူဖြစ်ပါတယ်။ မော်ရင်ဟိုရဲ့လက်အောက်မှာ ၂ ကြိမ်အထိ ကစားဖူးတဲ့ ဂျွန်တယ်ရီက မော်ရင်ဟိုဟာ ဒဏ်ရာရ ကစားသမားတွေကို လစ်လျူရှုနေကြဖြစ်တယ်လို့ ပြောကြားခဲ့ဖူးပါတယ်။