ကနဦးသတင်းများအရ မော်ရင်ဟိုကို ထုတ်ပယ်မှုအတွက် ပေါင်( ၁၅)သန်းခန့် ပေးချေရမယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ပေါင်သန်း (၂၀)နီးပါးအထိ ယူနိုက်တက်ဘက်က သုံးစွဲခဲ့ရတာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းနည်းပြဟောင်း မော်ရင်ဟိုကို ရာထူးက ထုတ်ပယ်ခဲ့ရာမှာ လျော်ကြေးငွေအဖြစ် ပေါင်သန်း (၂၀)နီးပါးခန့် ပေးချေခဲ့ရတယ်လို့ သိရပါတယ်။ ဒီဇင်ဘာလအတွင်းက မော်ရင်ဟို ထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး စာချုပ်ပါ သဘောတူညီမှုတွေအရ လျော်ကြေးငွေအများအပြား ပေးခဲ့ရတာလည်း ဖြစ်တယ်လို့ BBC က ဖော်ပြခဲ့ပါတယ်။
လီဗာပူးလ်ကို အန်ဖီးလ်မှာ ၃-၁ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ယူနိုက်တက်ဟာ အဆင့်(၄)နေရာကအသင်းနဲ့ (၁၁)မှတ်အထိ ကွာဟသွားခဲ့ချိန်မှာ ယူနိုက်တက်ဘက်က မော်ရင်ဟိုကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။ မော်ရင်ဟိုကို ထုတ်ပယ်ခဲ့ပြီးနောက် ဆိုးလ်ရှားကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ပြီး လက်ရှိအချိန်မှာ ယူနိုက်တက်ဟာ အဆင့် (၄)နေရာကိုတောင် ရောက်ရှိနေခဲ့ပါတယ်။
ယူနိုက်တက်ရဲ့ ဘဏ္ဍာရေးရှင်းတမ်းထုတ်ပြန်မှုတွေထဲမှာ မော်ရင်ဟိုနဲ့ သူ့ရဲ့ နည်းပြအဖွဲ့ကို ထုတ်ပယ်ခဲ့မှုမှာ ပေါင် (၁၉.၆)သန်းအထိ ပေးချေခဲ့ရတယ်လို့ ပါရှိခဲ့ပါတယ်။ အသက် (၅၅)နှစ်အရွယ် မော်ရင်ဟိုဟာ ၂၀၁၆ ခုနှစ်၊ မေလမှာ ယူနိုက်တက်နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး အသင်းကို လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
၂၀၁၈ ဇန်နဝါရီမှာ မော်ရင်ဟို နဲ့ ယူနိုက်တက်တို့က ၂၀၂၀ ခုနှစ်အထိ ရှိနေမယ့် စာချိုပ်သစ်ကို ချုပ်ဆိုခဲ့ပြီး နောက်ထပ်တစ်နှစ် စာချုပ်ချုပ်ဆိုခွင့်ကိုပါ သဘောတူညီမှု ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၁၈ ဒီဇင်ဘာလအတွင်းမှာပဲ မော်ရင်ဟိုကို ယူနိုက်တက်က ထုတ်ပယ်ခဲ့ပြီးတော့ များပြားလှတဲ့ လျော်ကြေးငွေကို ပေးချေသွားခဲ့ရပါတယ်။
ထုတ်ပယ်စဉ်ကာလမှာ လျော်ကြေးအဖြစ် ဘယ်လောက်ထိ ပေးချေရလဲဆိုတာကို မထုတ်ပြန်ခဲ့ပေမယ့် ဘဏ္ဍာရေးရှင်းတမ်းမှာ အဆိုပါလျော်ကြေးငွေပမာဏ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ ကနဦးသတင်းများအရ မော်ရင်ဟိုကို ထုတ်ပယ်မှုအတွက် ပေါင်( ၁၅)သန်းခန့် ပေးချေ
ရမယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ပေါင်သန်း (၂၀)နီးပါးအထိ ယူနိုက်တက်ဘက်က သုံးစွဲခဲ့ရတာ ဖြစ်ပါတယ်။