Huawei ဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ ကြိုးမဲ့ကွန်ရက်တည်ဆောက်ရေးမှာ ၈ နှစ်ကျော်ကြာ လျှို့ဝှက်ပါဝင် ကူညီခဲ့တယ်လို့သတင်းများ ထွက်ပေါ်နေပါတယ။်
အမေရိကန်အစိုးရရဲ့ အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုတစ်ခုအဖြစ် စိုးရိမ်ချက်နဲ့ကုန်သွယ်ရေး ပိတ်ပင်ခံထားရတဲ့ Huawei Technologies ဟာ တရုတ်နိုင်ငံပိုင် Panda International Information Technology ကုမ္ပဏီနဲ့ပူးပေါင်းပြီး မြောက်ကိုရီးယားရဲ့ ကြိုးမဲ့ကွန်ရက်စနစ် တည်ဆောက်မှုမှာ ပါဝင်ခဲ့တာ ဖြစ်တယ်လို့Washington Post မှာ ဖော်ပြထားပါတယ်။ Washington Post ဟာ Huawei ကုမ္ပဏီရဲ့ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ တယ်လီကွန်းပရောဂျက်တွေ အကြောင်း ပါဝင်တဲ့ Database တစ်ခုကနေ တယ်လီကွန်းပစ္စည်း အော်ဒါမှာယူမှုများ ၊ စာချုပ်များနဲ့စာရင်းဇယားများ ရရှိသွားတာပါ။
Photo: LA Times
ဒီအချက်အလက်များအရ Huawei ဟာ Panda International Information Technology နဲ့ပေါင်းပြီး မြောက်ကိုရီးယားရဲ့ ပထမဆုံး 3G Wireless network ဖြစ်တဲ့ Koryolink တည်ဆောက်ရေးမှာ တိတ်တဆိတ် ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။ Washington Post ကနေ ရရှိထားတဲ့ အချက်အလက်တွေထဲမှာ ၂၀၀၈ ကနေ ၂၀၁၂ နှစ်အတွင်း ချုပ်ဆိုထားတဲ့ စာချုပ်များနဲ့ပစ္စည်းအော်ဒါများလည်း ပါဝင်ခဲ့ပါတယ်။
မြောက်ကိုရီးယားမှ Koryolink အတွက် လိုအပ်တဲ့ ပစ္စည်းအစိတ်အပိုင်းတွေကို Huawei ဟာ Panda International Information Technology ကနေ ထောက်ပံ့ခဲ့တယ်လို့ဆိုပါတယ်။ ဒီကွန်ရက်ကိုတော့ CHEO Technology ကနေ တည်ဆောက်တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။ CHEO Technology ဟာ မြောက်ကိုရီးယားပိုင် Korea Post and Telecommunications Trade Corp နဲ့အီဂျစ်မှ Orascom Telecom Holding တို့ပူးပေါင်း တည်ထောင်ထားတဲ့ လုပ်ငန်းလို့လည်း ဆိုပါတယ်။
Washington Post သတင်းမှာ ဖော်ပြထားတဲ့ အချက်အလက်အထောက်အထားများအရ Huawei ဟာ မြောက်ကိုရီးယား ၊ အီရန် နဲ့ဆီးရီးယားတို့လို နိုင်ငံတွေကို ကုဒ်နံပါတ်နဲ့သုံးနှုန်းတယ်လို့ဆိုပါတယ်။ မြောက်ကိုရီးယားရဲ့ ကုဒ်နာမည်ကတော့ A9 လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။ Huawei ကုမ္ပဏီကတော့ မြောက်ကိုရီးယားနဲ့စီးပွားရေးလုပ်ငန်း လုပ်ဆောင်မှု မရှိကြောင်း ပြောကြားထားပေမယ့် အရင့်အရင်က မြောက်ကိုရီးယားနဲ့တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီး ဖြစ်စေ စီးပွားရေး လုပ်ဆောင်မှု ရှိမရှိဆိုတဲ့ မေးခွန်းကို အသေးစိတ် ဖြေကြားခြင်း မရှိခဲ့ပါဘူး။
Photo: aljazeera
မြောက်ကိုရီးယားဟာ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့အရေးယူခံထားရတဲ့ နိုင်ငံစာရင်းမှာ ပါဝင်နေပြီး ၂၀၁၆ ခုနှစ်က စတင်ကာ Huawei နဲ့မြောက်ကိုရီးယားအကြား ဆက်သွယ်မှု ရှိမရှိဆိုတာကို အမေရိကန်ကုန်သွယ်ရေး ဌာနဟာ စုံစမ်းစစ်ဆေးလာခဲ့တာပါ။ လက်ရှိအချိန်အထိ Huawei နဲ့မြောက်ကိုရီးယားအကြား သိသာတဲ့ ဆက်သွယ်မှု မတွေ့ရသေးပေမယ့် ,ယခုနှစ် နှစ်ဆန်းပိုင်းမှာ အမေရိကန်တရားရေးဌာနဟာ အီရန်နဲ့စီးပွားရေးလုပ်ဆောင်မှုနဲ့Huawei ကို တရားစွဲခဲ့ပါတယ။်
Huawei ဟာ အမေရိကန်အစိုးရရဲ့ Entity List ထဲမှာ ပါနေဆဲ ဖြစ်ပြီး အမေရိကန်အခြေစိုက် ကုမ္ပဏီတွေနဲ့စီးပွားရေးလုပ်ငန်းများ ကူးသန်းခွင့် တားမြစ်ခံထားရပါတယ်။ တကယ်လို့သာ မြောက်ကိုရီးယားနဲ့စီးပွားရေး လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ သတင်း မှန်မယ်ဆိုရင်တော့ Huawei အပေါ် အမေရိကန်အစိုးရရဲ့ အရေးယူမှုဟာ ပိုပြီး ပြင်းထန်လာဖို့ရှိပါတယ်။