အမေရိကန်သမ္မတထရန့်က နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်မ်ပီအိုရဲ့ မြောက်ကိုရီးယားခရီးစဉ်ကို ဖျက်သိမ်းစေခဲ့ပါတယ်။

အမေရိကန်က တောင်ကိုရီးယားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် ပြန်စီစဉ်လာခဲ့ပြီး ပြုံယမ်းမြို့မှာ နှစ်နိုင်ငံ အဆင့်မြင့်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကိုလည်း ဖျက်သိမ်းလိုက်ခြင်းဖြင့် မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး ၎င်းရဲ့ရပ်တည်ချက်ကို ပြန်လည်တင်းမာလိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်မ်ပီအို၊ သမ္မတထရန့်နှင့် ကာကွယ်ရေးဝန်ကြီး ဂျင်မ်မတ်တစ် (Photo: CNN)





ပြီးခဲ့တဲ့ ဇွန်လအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ စင်ကာပူနိုင်ငံ ဆန်တိုဆာကျွန်းမှာ သမိုင်းဝင် ထိပ်သီးတွေ့ဆုံခဲ့ကြပြီးနောက်ပိုင်း နှစ်နိုင်ငံ ဆွေးနွေးမှုတွေမှာ အဆင်မပြေမှုများ မြင့်တက်လာပါတယ်။

ထရန့်နဲ့ကင်မ် စင်ကာပူထိပ်သီးဆွေးနွေးပွဲအတွင်း ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက်ဖျက်သိမ်းရေး လုပ်ဆောင်သွားကြရန် သဘောတူညီခဲ့ကြပါတယ်။ သို့သော် ထိပ်သီးဆွေးနွေးပွဲနောက်ပိုင်းမှာ မြောက်ကိုရီးယားက ကတိပြုထားခဲ့တဲ့အတိုင်း အနည်းငယ်မျှသာ အခိုင်အမာ လုပ်ဆောင်ခဲ့ပုံရတယ်လို့ ဆိုပါတယ်။

စင်ကာပူထိပ်သီးဆွေးနွေးပွဲမှာ တွေ့ရသည့် ကင်မ်နှင့် ထရန့် (Photo: AFP)



ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အမေရိကန်သမ္မတထရန့်က နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်မ်ပီအိုရဲ့ မြောက်ကိုရီးယားသို့ သွားရောက်မယ့်ခရီးစဉ်ကို ဖျက်သိမ်းစေခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ရဲ့ ညာလက်ရုံးနဲ့ အာဏာရပါတီ ဒုတိယဥက္ကဋ္ဌ ကင်မ်ယောင်ချိုထံမှ သမ္မတထရန့်သို့ ပေးစာတစ်စောင်ဟာ ရန်လိုတဲ့သဘောသက်ရောက်ကြောင်း အမေရိကန်အစိုးရက ယူဆခဲ့ပြီးနောက် မိုက်ခ်ပွန်မ်ပီအိုရဲ့ ခရီးစဉ်ကို ဖျက်သိမ်းစေခဲ့တာဖြစ်ကြောင်း သတင်းတွေက ပြောပါတယ်။

ထို့နောက် အင်္ဂါနေ့ (သြဂုတ် ၂၈ ရက်) မှာတော့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မ်မတ်တစ်က ပင်တဂွန်စစ်ဌာနချုပ် အနေနဲ့ ကိုရီးယားကျွန်းဆွယ်မှာ နောက်ထပ် စစ်ရေးလေ့ကျင့်မှုတွေကို ရပ်ဆိုင်းထားရန် အစီအစဉ်မရှိဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Infographic: CNA



"ကျွန်တော်တို့က ယုံကြည်မှုတည်ဆောက်တဲ့အနေနဲ့ အကြီးဆုံး စစ်ရေးလေ့ကျင့်မှုအချို့ကို ရပ်ဆိုင်းဖို့ လုပ်ဆောင်ခဲ့တာပါ၊ နောက်ထပ် စစ်ရေးလေ့ကျင့်မှုတွေ ရပ်ဆိုင်းဖို့တော့ ကျွန်တော်တို့မှာ အစီအစဉ် မရှိပါဘူး" လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

မြောက်ကိုရီးယားက ၎င်းရဲ့ ဒုံးကျည်စမ်းသပ်စခန်း ဖျက်သိမ်းနေမှုတွေကို ရပ်ဆိုင်းလိုက်ကြောင်းလည်း ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း သတင်းထွက်ပေါ်လာခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်မ်ပီအိုကတော့ မြောက်ကိုရီးယားနဲ့ စေ့စပ်ညှိနှိုင်းရန် အသင့်ရှိနေဆဲလို့ ပြောထားကြောင်း သိရပါတယ်။

ထရန့်နဲ့ကင်မ် လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီမှုမှ အဓိက အချက်များ

- အမေရိကန်နဲ့ မြောက်ကိုရီးယားတို့က နှစ်နိုင်ငံပြည်သူတွေရဲ့ ငြိမ်းချမ်းရေးနဲ့သာယာဝပြောရေး လိုအင်ဆန္ဒနဲ့အတူ အမေရိကန်-မြောက်ကိုရီးယား ဆက်ဆံရေးကဏ္ဍသစ် တည်ထောင်သွားရန် ကတိပြုပါတယ်။

- ကိုရီးယားကျွန်းဆွယ်မှာ ရေရှည်တည်တံပြီး တည်ငြိမ်မှုရှိတဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရန် နှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင်သွားပါမယ်။

- ဧပြီ ၂၇ ရက်၊ ၂၀၁၈ ခုနှစ် Panmunjom ကြေညာချက်မှာ ဖော်ပြထားခဲ့တဲ့အတိုင်း မြောက်ကိုရီးယားက ကိုရီးယားကျွန်းဆွယ်မှ နျူကလီးယားလက်နက် လုံးဝဖျက်သိမ်းရေး ကတိကဝတ်ကို အခိုင်အမာ ထပ်လောင်း အတည်ပြုပါတယ်။

- ကျန်ရှိနေသေးတဲ့ စစ်ပွဲကာလ အကျဉ်းသားတွေကို သတ်မှတ်အတည်ပြုရန်နဲ့ ယခင်ကတည်းက သတ်မှတ်အတည်ပြုပြီးသား စစ်ပွဲကာလ အကျဉ်းသားတွေကို ၎င်းတို့ နိုင်ငံများသို့ ချက်ချင်း ပြန်လည်ပို့ဆောင်ရန် အမေရိကန်နဲ့ မြောက်ကိုရီးယားက ကတိပြုကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က