ဒုံးကျည်နဲ့ အာကာသဒုံးပျံ ထုတ်လုပ်ရေးစခန်းရဲ့ ဂြိုဟ်တုဓာတ်ပုံတွေ ထွက်ပေါ်လာပါတယ်။

မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည် သို့မဟုတ် ဂြိုဟ်တု လွှတ်တင်ရန် ပြင်ဆင်နေဖွယ်ရှိကြောင်း ပြုံးယမ်းမြို့အနီးရှိ အဓိက တပ်ဆင်ထုတ်လုပ်ရေး နေရာတစ်ခုရဲ့ ဂြိုဟ်တုဓာတ်ပုံတွေကို ကိုးကားပြီး အမေရိကန်သတင်းဌာန NPR က ဖော်ပြထားပါတယ်။

(Sanumdong ထုတ်လုပ်ရေးစခန်းနေရာ ဂြိုဟ်တုဓာတ်ပုံ) (Photo: NPR)

တိုက်ချင်းပစ်ဒုံးကျည်နဲ့ အာကာသဒုံးပျံများ တပ်ဆင်ထုတ်လုပ်တဲ့ ပြုံးယမ်းမြို့အနီး Sanumdong ထုတ်လုပ်ရေးစခန်းနေရာ ရိုက်ကူးထားတဲ့ ဂြိုဟ်တုဓာတ်ပုံတွေအရ ထိုသို့ ကောက်ချက်ချထားတာလည်း ဖြစ်ပါတယ်။



အဆိုပါ ဂြိုဟ်တုဓာတ်ပုံတွေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံပွဲ မတိုင်မီ ရက်ပိုင်းအလိုက ရိုက်ကူးထားခဲ့တယ်လို့ ဆိုပါတယ်။ DigitalGlobe ကုမ္ပဏီက ဖေဖေါ်ဝါရီ ၂၂ ရက်မှာ Sanumdong ထုတ်လုပ်ရေးစခန်းနေရာကို ရိုက်ကူးခဲ့တဲ့ ဂြိုဟ်တုဓာတ်ပုံတွေအရ အဆိုပါနေရာမှာ ကုန်တင်ကား အပါအဝင် ကားများကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

(ဒေါ်နယ်ထရန့်နဲ့ကင်မ်ဂျုံအန် တွေ့ဆုံခဲ့စဉ်) (Photo: EPA)

DigitalGlobe က ရိုက်ကူးခဲ့တဲ့ ဂြိုဟ်တုဓာတ်ပုံတွေကို NPR သတင်းဌာနက သီးသန့်ကြည့်ခွင့်ရခဲ့တယ်လို့လည်း သိရပါတယ်။ အဆိုပါ ဂြိုဟ်တုဓာတ်ပုံတွေမှာ ကရိန်းကားတွေကိုလည်း တွေ့ခဲ့ရတယ်လို့ NPR က ပြောပါတယ်။

"ဒါတွေ အားလုံးကို ခြုံငုံသုံးသပ်လိုက်မယ်ဆိုင်ရင် မြောက်ကိုရီးယားက ဒုံးပျံတစ်စင်း တည်ဆောက်နေပုံပါပဲ" လို့ မွန်တာရီမြို့ရှိ Middlebury Institute of International Studies မှာ သုတေသီ ဂျက်ဖရေးလူးဝစ်က ပြောခဲ့ကြောင်း NPR က မတ်လ ၈ ရက်မှာ ဖော်ပြခဲ့ပါတယ်။

(Sanumdong မှာ ကားနဲ့ကရိန်းများကို တွေ့ရသည့် ဂြိုဟ်တုဓာတ်ပုံ) (Photo: NPR)

ယခု သီတင်းပတ်အတွင်းမှာပင် စောင့်ကြည့်အဖွဲ့တွေဖြစ်တဲ့ 38 North နဲ့ Center for Strategic and International Studies တို့ကလည်း မြောက်ကိုရီးယားရဲ့ Sohae ဒုံးကျည်ပစ်လွှတ်စခန်းမှာ တည်ဆောက်ရေးလုငန်းတွေ ပြန်လည်လုပ်ဆောင်နေမှုကို မတ်လ ၆ ရက်နေ့ ဂြိုဟ်တုပုံရိပ်တွေမှာ တွေ့ခဲ့ရတယ်လို့ ပြောထားပါတယ်။

အမေရိကန်သမ္မတထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ရဲ့ ဟနွိုင်းထိပ်သီးဆွေးနွေးပွဲမှာ သဘောတူညီချက်မရရှိဘဲ အဆုံးသတ်ခဲ့ပြီးနောက် ယခု သတင်းတွေ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

(Sohae ဒုံးကျည်ပစ်လွှတ်စခန်း) (Photo: AFP)

ဖဖေါ်ဝါရီ ၂၇ ရက်နဲ့ ၂၈ ရက်မှာ ပြုလုပ်ခဲ့တဲ့ ထရန့်နဲ့ကင်မ်တို့ရဲ့ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲမှာ မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့မှုတွေ ချမှတ်ထားမှု ရုပ်သိမ်းရေးကိစ္စနဲ့ပတ်သက်ပြီး ကွဲလွဲမှုဖြစ်ကာ သဘောတူညီချက် ထုတ်ပြန်နိုင်ခြင်းမရှိဘဲ ပြီးဆုံးခဲ့ပါတယ်။ ထရန့်နဲ့ကင်မ်တို့ဟာ ယမန်နှစ် ဇွန်လအတွင်းက စင်ကာပူမှာ ပထမဆုံးအကြိမ် သမိုင်းဝင် ထိပ်သီးတွေ့ဆုံခဲ့ကြပါတယ်။

စင်ကာပူ ထိပ်သီးတွေ့ဆုံမှုဟာ တာဝန်ထမ်းဆောင်ဆဲ အမေရိကန်သမ္မတတစ်ဦးက မြောက်ကိုရီးယားခေါင်းဆောင်တစ်ဦးနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှုအဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ပါတယ်။ စင်ကာပူ ထိပ်သီးဆွေးနွေးပွဲအတွင်း မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေးကို ဦးတည်လုပ်ဆောင်ရန် အပါအဝင် သဘောတူညီချက်တွေ ရရှိထားခဲ့ပါတယ်။ 

(NPR သတင်းဌာနက Twitter မှာ ဖော်ပြထားမှု) (Photo: NPR/Twitter)

သို့သော် အဆိုပါ သဘောတူညီချက်အရ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်များဖျက်သိမ်းရေး ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်ခဲ့ကြရာမှာတော့ သဘောထားကွဲလွဲမှုတွေရှိခဲ့ပြီး မတိုးသာမဆုတ်သာ အခြေအနေ ဖြစ်နေခဲ့ပါတယ်။ ထိုကြောင့်လည်း ကင်မ်ဂျုံအန်နဲ့ထရန့်တို့ကို ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့ကြပေမဲ့ သဘောတူညီချက် တစ်စုံတရာ မရရှိခဲ့ကြဘဲ အဆုံးသတ်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က