မြောက်ကိုရီးယားနိုင်ငံက တာတိုပစ် ပဲ့ထိန်းစနစ်ပါ လက်နက်သစ်တစ်မျိုးကို ပေါက်ကွဲအားပြင်း ထိပ်ဖူးနဲ့အတူ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ၎င်းရဲ့အစိုးရသတင်းဌာန Korean Central News Agency (KCNA) က ယနေ့ (ဧပြီ ၁၈ ရက်) ပြောပါတယ်။
(မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်) (Photo: AP)
လက်နက်သစ်စမ်းသပ်မှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့ကြောင်းလည်း သိရပါတယ်။ ယခုလုပ်ရပ်ဟာ အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ ဟနွိုင်းမြို့မှာ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း မြောက်ကိုရီးယားရဲ့ ပထမဆုံးအကြိမ် လူသိရှင်ကြား လက်နက်စမ်းသပ်မှုလည်း ဖြစ်လာပါတယ်။
ယခုနှစ် ဖေဖေါ်ဝါရီ ၂၇ ရက်နဲ့ ၂၈ ရက်တို့မှာ ပြုလုပ်ခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံ ဆွေးနွေးမှုဟာ သဘောတူညီချက် တစ်စုံတစ်ရာ မရရှိခဲ့ဘဲ ပြီးဆုံးခဲ့တာလည်း ဖြစ်ပါတယ်။
(မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည် စမ်းသပ်စခန်းများ)
ယနေ့ ပစ်လွှတ်စမ်းသပ်ခဲ့တဲ့ လက်နက်သစ်နဲ့ပတ်သက်ပြီး ဒုံးကျည် သို့မဟုတ် နောက်ထပ် လက်နက်ပုံစံဖြစ်ကြောင်း အပါအဝင် အသေးစိတ်ကိုတော့ KCNA က ဖော်ပြခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။ သို့သော် တာတိုပစ် လက်နက်တစ်ခုဖြစ်ကြောင်း အရိပ်အမြွက် ပြောထားပါတယ်။
မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ်ဒုံးကျည်တွေကတော့ အမေရိကန်ကို ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ထားခဲ့ပါတယ်။ မြောက်ကိုရီးယားက ယမန်နှစ် နိုဝင်ဘာလအတွင်းမှာလည်း မည်သည့်လက်နက်ဖြစ်ကြောင်း အတိအကျ မသိရတဲ့ အလားတူ လက်နက်သစ်တစ်မျိုး ပစ်လွှတ်စမ်းသပ်ခဲ့ပြီး ထိုစဉ်ကလည်း ကင်မ်ဂျုံအန် လာရောက်ကြည့်ရှုခဲ့တယ်လို့ KCNA က ဖော်ပြခဲ့ပါတယ်။
(မြောက်ကိုရီးယား စစ်ရေးပြအခမ်းအနားတစ်ခု) (Photo: KCNA)
ကင်မ်ဂျုံအန်က အင်အား ၁.၃ သန်းရှိ မြောက်ကိုရီးယားစစ်တပ်ကို နည်းပညာမြင့် လက်နက်များတပ်ဆင်ပေးရန် ရည်ရွယ်ချက်ရှိကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။ မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်မှုတွေနဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုတွေကို ရပ်ဆိုင်းမယ်လို့ ကင်မ်ဂျုံအန်က ယမန်နှစ် ဧပြီလအတွင်း ပြောထားခဲ့ပါတယ်။
ကင်မ်ဂျုံအန်က ယခု လက်နက်သစ် ပစ်လွှတ်စမ်းသပ်မှု မတိုင်မီ အင်္ဂါနေ့ (ဧပြီ ၁၆ ရက်) ကလည်း မြောက်ကိုရီးယားလေတပ်နဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့သို့ သွားရောက်ခဲ့ပြီး လေယာဉ် လေ့ကျင့်ပျံသန်းမှုကို ကြည့်ရှုခဲ့ကာ ၎င်းတို့ရဲ့ တိုက်ပွဲဝင်ရန် အဆင့်သင့်ဖြစ်မှု အခြေအနေကို အလွန်ကျေနပ်ခဲ့တယ်လို့ KCNA က ဆိုပါတယ်။
လတ်တလော ဂြိုဟ်တုပုံရိပ်တွေအရ မြောက်ကိုရီးယားရဲ့ အဓိက နျူကလီးယားစခန်းဖြစ်တဲ့ Yongbyon မှာ လှုပ်ရှားမှုတွေရှိနေကြောင်းလည်း အမေရိကန်အခြေစိုက် Centre for Strategic and International Studies (CSIS) က ဧပြီ ၁၆ ရက်မှာ ပြောခဲ့တယ်လို့ Ruters သတင်းမှာ ဖော်ပြထားပါတယ်။