မြောက်ကိုရီးယားနိုင်ငံက တာတိုပစ်ဒုံးကျည်အချို့ကို ယနေ့ (မေ ၄ ရက်) ပစ်လွှတ်စမ်းသပ်ခဲ့ကြောင်း အစိုးရသတင်းဌာန KCNA နဲ့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
(မြောက်ကိုရီးယားဒုံးကျည်များ ပစ်လွှတ်စမ်းသပ်မှု) (Photo: KCNA)
ယခု ဒုံးကျည်စမ်းသပ်မှုဟာ တစ်နှစ်ကျော်ကြာပြီးနောက် မြောက်ကိုရီးယားက ပြန်လည်လုပ်ဆောင်လာခဲ့တဲ့ ပထမဆုံးအကြိမ် ဒုံးကျည်ပစ်လွှတ် စမ်းသပ်မှုလည်းဖြစ်လာပါတယ်။ နျူကလီးယားဆွေးနွေးမှုတွေ မတိုးသာမဆုတ်သာ ဖြစ်ခဲ့ပြီးနောက် မြောက်ကိုရီးယားက အမေရိကန်ကို ဖိအားပိုမိုပေးရန် ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။
'မြောက်ကိုရီးယားက ၎င်းရဲ့ အရှေ့ဘက်ကမ်းရိုးတန်းမြို့ ဝန်ဆန်အနီးရှိ ဟိုဒိုကျွန်းဆွယ်ကနေ အရှေ့မြောက်ဘက်ကို ဦးတည်ပြီး ယနေ့မနက် ဒေသစံတော်ချိန် ၉ နာရီ ၆ မိနစ်မှာ တာတိုပစ်ဒုံးကျည်အချို့ ပစ်လွှတ်စမ်းသပ်ခဲ့ပါတယ်' လို့ တောင်ကိုရီးယား Joint Chiefs of Staff (JCS) က ထုတ်ပြန်ကြောင်း CNA သတင်းမှာဖော်ပြပါတယ်။
မြောက်ကိုရီးယားအစိုးရ သတင်းဌာနက Korean Central News Agency (KCNA) ကလည်း တာတိုပစ် ဒုံးကျည်များ ပစ်လွှတ်စမ်းသပ်မှုကို ခေါင်းဆောင်ကင်မ်ဂျုံအန် ကိုယ်တိုင်လာရောက် ကြီးကြပ်ကွပ်ကဲခဲ့တယ်လို့ အတည်ပြုထုတ်ပြန်ပါတယ်။
မြောက်ကိုရီးယားဒုံးကျည်တွေဟာ ဂျပန်ပင်လယ်ပြင် (အရှေ့ပင်လယ်ပြင်လို့လည်း သိထားကြ) ထဲသို့ အကွာအဝေး ၃၄ မိုင်မှ ၁၂၄ မိုင်အတွင်း ရောက်ရှိခဲ့ကြောင်း JCS က ပြောပါတယ်။ ယနေ့စမ်းသပ်မှုတိုင်မီ မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုတွေကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းက နောက်ဆုံးအကြိမ် ပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။ ဧပြီ ၁၈ ရက်မှာတော့ မြောက်ကိုရီးယားက ပဲ့ထိန်းစနစ်ပါ လက်နက်သစ်တစ်မျိုးကို ပေါက်ကွဲအားပြင်း ထိပ်ဖူးနဲ့အတူ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ၎င်းရဲ့အစိုးရသတင်းဌာန Korean Central News Agency (KCNA) က သတင်းထုတ်ပြန်ထားခဲ့ပါတယ်။
(မြောက်ကိုရီးယားက ဒုံးကျည်များပစ်လွှတ်ခဲ့သည့် နေရာပြမြေပုံ) (Map: Google Maps)
အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ ဟနွိုင်းမြို့မှာ ပြုလုပ်ခဲ့ကြတဲ့ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ မအောင်မြင်ခဲ့ပြီးနောက် နှစ်နိုင်ငံကြား နျူကလီးယားအရေး ဆွေးနွေးမှုတွေလည်း မရေမရာဖြစ်နေခဲ့ပါတယ်။ ဟနွိုင်းထိပ်သီးဆွေးနွေးပွဲမှာ မြောက်ကိုရီးယားက ၎င်းအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေ ချက်ချင်း ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့ပြီး အပြန်အလှန်အားဖြင့် မြောက်ကိုရီးယားဘက်က လုပ်ဆောင်ရမယ့် နျူကလီးယားအစီအစဉ်ဆိုင်ရာ ကိစ္စရပ်တွေအပေါ် သဘောထားကွဲလွဲခဲ့ကာ အောင်မြင်မှုမရဘဲ ထိပ်သီးဆွေးနွေးပွဲ အဆုံးသတ်ခဲ့ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်က ကင်မ်ဂျုံအန်က အမေရိကန်နဲ့ ဆွေးနွေးမှုတွေ မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် ဧပြီ ၂၅ ရက်နေ့မှာ ရုရှားနိုင်ငံသို့သွားရောက်ကာ သမ္မတ ဗလာဒီမာပူတင်နဲ့ ပထမဆုံးအကြိမ် ထိပ်သီးတွေ့ဆုံခဲ့ကြောင်း သိရပါတယ်။