မြောက်ကိုရီးယားနိုင်ငံက တစ်ပတ်အတွင်း ဒုတိယအကြိမ် လက်နက်စမ်းသပ်မှုအဖြစ် တာတိုပစ် ဒုံးကျည်နှစ်စင်းကို ယနေ့ (မေ ၉ ရက်) ပစ်လွှတ်စမ်းသပ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
(မေ ၄ ရက်နေ့က ဒုံးကျည်ပစ်လွှတ်မှုကို ကင်မ်ဂျုံအန် ကြည့်ရှုစဉ်) (Photo: EPA/KCNA)
ဒုံးကျည်နှစ်စင်းကို မြောက်ကိုရီးယား အနောက်မြောက်ဘက် ကူဆောင်မြို့ကနေ ပစ်လွှတ်လိုက်ခြင်းဖြစ်ပြီး အရှေ့ဘက်သို့ မိုင် ၂၆၀ နဲ့ ၁၆၈ မိုင် အကွာအဝေးသို့ အသီးသီးရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒုံးကျည်နှစ်စင်းဟာ ပင်လယ်ပြင်အတွင်း မကျရောက်မီ ၃၁ မိုင် အမြင့်သို့ရောက်ရှိခဲ့ကြောင်းလည်း သိရပါတယ်။ မောက်ကိုရီးယားက တစ်ပတ်အတွင်းမှာပင် ဒုံးကျည်များပစ်လွှတ်စမ်းသပ်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ခေါင်းဆောင်ကင်မ်ဂျုံအန် ကိုယ်တိုင်ကြီးကြပ်ခဲ့ပါတယ်။
(မေ ၄ ရက်နေ့က မြောက်ကိုရီးယားဒုံးကျည်ပစ်လွှတ်မှု) (Photo: Reuters/KCNA)
ယနေ့ ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုဟာ အမေရိကန် အထူးသံတမန် Stephen Biegun က ဆိုးလ်မြို့မှာရောက်ရှိနေပြီး မြောက်ကိုရီးယား နျူကလီးယားအရေး ညှိနှိုင်းမှုတွေ မတိုးသာမဆုတ်သာ ဖြစ်နေမှုအပေါ် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Kang Kyung-wha၊ နျူကလီးယားအရေး သံတမန် Lee Do-hoon တို့နဲ့ တွေ့ဆုံဆွေးနွေးနေစဉ်မှာလည်း ဖြစ်ပါတယ်။
မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုတွေအပေါ် အလွန်စိုးရိမ်ပူပန်မိကြောင်း၊ ယခုလုပ်ရပ်ဟာ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေလျှော့ချရန်၊ ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေး တိုးတက်စေရန်နဲ့ မတိုးသာမဆုတ်သာ ဖြစ်နေတဲ့ နျူကလီးယားအရေး ဆွေးနွေးမှုတွေကို ကူညီရာမရောက်ကြောင်း တောင်ကိုရီးယားသမ္မတ အိမ်ပြာတော်က ပြောပါတယ်။
(မြောက်ကိုရီးယား စစ်ရေးပြအခမ်းအနားမှာတွေ့ရသည့် ဒုံးကျည်များ) (Photo: Reuters/KCNA)
မြောက်ကိုရီးယားက ယနေ့ ပစ်လွှတ်စမ်းသပ်ခဲ့တဲ့ ဒုံးကျည်တွေဟာ မည်သည့်အမျိုးအစားဖြစ်ကြောင်း အတိအကျပြောရန် စောလွန်းသေးတယ်လိုက လေ့လာဆန်းစစ်သူတွေက ဆိုပါတယ်။ မြောက်ကိုရီးယားက မေ ၄ ရက်နေ့မှာလည်း ဒုံးကျည်များ ပစ်လွှတ်စမ်းသပ်ခဲ့ကြောင်းနဲ့ ကင်မ်ဂျုံအန်ကိုယ်တိုင် ကြီးကြပ်ခဲ့ကြောင်း အစိုးရသတင်းဌာန Korean Central News Agency (KCNA) က ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်နဲ့ နျူကလီးယားအရေး ဆွေနွေးညှိနှိုင်းမှုတွေ မတိုးသာမဆုတ်သာ ဖြစ်နေခဲ့ပြီးနောက် မြောက်ကိုရီးယားက ဒုံးကျည်းစမ်းသပ်မှုတွေ ပြန်လည် လုပ်ဆောင်လာခဲ့တာလည်း ဖြစ်ပါတယ်။ ဧပြီ ၁၈ ရက်နေ့ကလည်း မြောက်ကိုရီးယားက ပဲ့ထိန်းစနစ်ပါ လက်နက်သစ်တစ်မျိုးကို ပေါက်ကွဲအားပြင်း ထိပ်ဖူးနဲ့အတူ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း KCNA က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ယခု စမ်းသပ်မှုတွေမတိုင်မီ မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုတွေကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းက နောက်ဆုံးအကြိမ် ပြုလုပ်ခဲ့ကြောင်း Reuteres သတင်းက ဖော်ပြပါတယ်။