ချစ်သုဝေကတော့ ခေတ်သစ် ဖောင်ဒေးရှင်းရဲ့ ပထမဆုံးအလှူလေးကို အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ခဲ့တာကြောင့် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ ဒီဖောင်ဒေးရှင်းကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့မှာ စတင် တည်ထောင်ခဲ့တာပါ။
Photo: Chit Thu Wai
အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံက သမီးလေးတွေနဲ့ နာမည်နဲ့ တည်ထောင်ထားတဲ့ ခေတ်သစ်ဖောင်ဒေးရှင်း ကနေ ပထမဆုံး အလှူလေးကို အောင်အောင်မြင်မြင်လုပ်နိုင်ခဲ့ပြီလို့ သိရပါတယ်။ ဒီအလှူလေး အကြောင်းကို ချစ်သုဝေက အခုလို ပြောပြထားပါတယ်။
‘’တိုက်ကြီးမြို့နယ်နေ လယ်သမားမိသားစု၏ သားငယ်လေး မွေးရာပါ နှလုံးအပေါက်ပါလူနာရှင် (VSD Closure) အသက် (၄) နှစ်အရွယ်ရှိ မောင်သန့်ဇင်အောင်အား ၂၁.၂.၂၀၁၉ နေ့တွင်မွေးရာပါနှလုံးခွဲစိတ် ဆရာဝန်ကြီးများအဖွဲ့ (ရန်ကင်းကလေးဆေးရုံ) မှ ရန်ကင်းကလေးဆေးရုံတွင်ခွဲစိတ်ကုသမှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်’’ လို့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေ ၅ နာရီခွဲကျော်က ခေတ်သစ် ဖောင်ဒေးရှင်း Facebook Page မှာ ချစ်သုဝေက ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: Chit Thu Wai
ချစ်သုဝေဟာ မောင်သန့်ဇင်အောင်ရဲ့ ဝေဒနာကို အောင်အောင်မြင်မြင်ခွဲစိတ်ပေးနိုင်ခဲ့တဲ့ ဆရာဝန်ကြီးတွေကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ အလှူဖြစ်မြောက်ရေးကို ပါဝင်ခဲ့ကြသူတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောပြခဲ့ပါသေးတယ်။
‘’အဆိုပါ ခွဲစိတ်ကုသမှုအတွက် ခွဲစိတ်ကုသမှုစရိတ်များအား ခေတ်သစ်ဖောင်းဒေးရှင်းမှ ကူညီပေးနိုင်ခဲ့ပါတယ်။ အောင်မြင်စွာ ခွဲစိတ်ကုသမှုပေးခဲ့ပါသော ဆရာဝန်ကြီးများအဖွဲ့အား အထူးကျေးဇူတင်ရှိပါကြောင်းနှင့် ဝိုင်းဝန်းလှူဒါန်းပေးခဲ့ကြပါသော စေတနာရှင်များအားလည်းအထူးကျေးဇူးတင်အပ်ပါသည်’’ ဆိုပြီးတော့လည်း ဆက်လက် ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: Chit Thu Wai
‘’ခေတ်သစ်ဖောင်ဒေးရှင်း’’ ကို ၂၀၁၉ခုနှစ်၊ဇန်နဝါရီ(၁၉) ရက်နေ့က ခေတ်နဲ့သစ်တို့ရဲ့ အသက်(၂)နှစ်ပြည့် မွေးနေ့လေးကစလို့ဖောင်ဒေးရှင်းကို စတင် တည်ထောင်ဖွဲ့စည်းခဲ့တာပါ။ “ခေတ်သစ်”ဖောင်ဒေးရှင်းကို (၁၄)နှစ်တာ ကာလသတ်မှတ်ထားပြီး အဆင့်(၇)ခု ခွဲကာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ပထမဆုံးအဆင့်မှာ ကလေးသူငယ်များရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ရည်ရွယ်ကာအသက်(၅)နှစ်အောက် ကလေးများ အမှန်တကယ်ခွဲ စိတ်စရိတ်လိုအပ်တဲ့ မွေးရာပါ နှလုံးအပေါက်ပါရောဂါရှင်များအတွက် ရည်ရွယ်ကာ လှူဒါန်းသွားမယ်လို့ သိရပါတယ်။
Photo: Chit Thu Wai
လက်ရှိမှာတော့ လင်းလင်းနဲ့ ချစ်သုဝေ(Chit Thu Wai) တို့ ဇနီးမောင်နှံဟာ ‘’ခေတ်သစ် ဖောင်ဒေးရှင်း’’ အတွက် အလှူငွေကျပ် သိန်း ၂၀၀ ကို မတည်ထားတယ်လို့ သိရပါတယ်။ အဲဒီနောက် Channel 7 ရဲ့ မိသားစု Program မှာလည်း ‘’ခေတ် နဲ့ သစ်တို့ရဲ့ ကမ္ဘာ’’ ဆိုတဲ့ အစီအစဉ်ကို ရိုက်ကူးပြီး အလှူငွေတွေလည်း ထည့်လှူနိုင်ဖို့ စီစဉ်ထားတယ်လို့ ချစ်သုဝေက မီဒီယာတွေကို ပြောပြခဲ့ဖူးပါတယ်။