အေးအေးခိုင်ရဲ့ တစ်ဦးတည်းသော သားလေး ဉာဏ်သွေးဟန်က နိုင်ငံခြားမှာ ကျောင်းတက်နေတာ ဖြစ်ပါတယ်။ မိခင်နဲ့ ခွဲပြီး ကျောင်းတက် နေရတာကြောင့်လည်း လွမ်းတယ်လို့ ဆိုပါတယ်။ သားလေးက သူ ဝါသနာပါတဲ့ အလုပ်နဲ့ မေမေ့ကို ရှာကျွေး မယ်လို့ ပြောပြခဲ့ပါတယ်။
Photo: Nyan Thwe Han Facebook
ဇာတ်ပို့၊ ဇာတ်ရံ သရုပ်ဆောင် အေးအေးခိုင်မှာတော့ အမေရိကမှာ ကျောင်းတက်နေတဲ့ သားလေးတစ်ယောက်ရှိပါတယ်။ သူကတော့ ဉာဏ်သွေးဟန်ဖြစ်ပါတယ်။ ဉာဏ်သွေးဟန် ဟာ နိုင်ငံခြားမှာ အဒေါ်ဖြစ်သူတွေနဲ့ အတူနေထိုင်တာဖြစ်ပြီး တစ်ခါတလေမှာတော့ မိခင်ကို အရမ်းလွမ်းတယ် ဆိုတဲ့အကြောင်း မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။
'' အရမ်းအခက်အခဲကြီးတော့လည်း မရှိပါဘူး။ ဒါပေမယ့် အမေကို လွမ်းတာတို့တော့ ရှိတာပေါ့။ ငယ်ငယ်ကတည်းက မေမေက ခရီးတွေ ခဏ၊ ခဏ သားတို့လည်း အိမ်မှာနေခဲ့ရတာများတော့ နေသားတော့ ကျပါတယ်။ ဒါပေမယ့် ဖေ့စ်ဘွတ်တို့ကနေတဆင့် Video Call တွေလည်း ခေါ်လိုု့ရတယ်ဆိုတော့ အရင်တုန်းကထက် ပိုအဆင်ပြေပါတယ်'' လို့ သူကဆိုပါတယ်။
Photo: Nyan Thwe Han Facebook
ဉာဏ်သွေးဟန်က အခုဆိုရင် ၁၂ တန်းရောက်ပြီဖြစ်ပါတယ်။ သူ့အနေနဲ့ ကျောင်းပိတ်တုန်း မိခင်ဆီကို အလည်လာနေတယ်လို့ သိရပါတယ်။ အနုပညာရှင်တစ်ယောက်ရဲ့ သားဖြစ်ပေမယ့် သရုပ်ဆောင်အလုပ်ကို အဓိက မထားဘဲ စီးပွားရေးဘက်ကို သွားဖို့စဉ်းစားထားတယ်ဆိုတာကို ဆက်လက်ပြောပြခဲ့ပါသေးတယ်။
'' အမေက သရုပ်ဆောင် ဆိုပေမယ့် သရုပ်ဆောင် မလုပ်ပဲ စီးပွားရေးဘက်ကိုပဲ သွားဖို့ စဉ်းစားထားပါတယ်။ မေမေ့ကိုလည်း ဝါသနာပါတဲ့ အလုပ် လုပ်ချင်တယ်ဆိုလုပ်၊ သားလည်း မေမေ့ကို ရှာကျွေးမယ်'' ဆိုပြီးတော့ သြဂုတ်လ ၂၆ ရက်နေ့က ဟီးဟီးဟားဟား ရုပ်ရှင်အထူးပွဲက မီဒီယာတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။
Photo: Nyan Thwe Han Facebook
အေးအေးခိုင်ကလည်း သူ့ရဲ့ တစ်ဦးတည်းသော သားလေး ဉာဏ်သွေးဟန်ကို အခုလက်ရှိမှာတော့ ပညာရေးကိုပဲ ဦးစားပေးစေချင်တယ်လို့ ဆိုပါတယ်။ သားဖြစ်သူရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ချုပ်ခြယ် မှုတွေ မရှိသလို ချွေးမလောင်းအပေါ်မှာလည်း လိုချင်တဲ့ သတ်မှတ် ချက်မျိုးတွေ မထားဘူးလို့ သူကဆိုပါတယ်။ ၇
'' ဘယ်လို ချွေးမလောင်းဆိုတာကိုတော့ အစ်မက သတ်မှတ်ထားတာ မရှိပါဘူး။ အစ်မသားကိုလည်း အစ်မက ချစ်တဲ့အတွက် သူ့ကို ချစ်တဲ့ ချွေးမလောင်းကို ပဲ လိုချင်တယ်။ တခြားအရာတွေ မက်ပြီး စိတ်ဝင်စားမှာလည်း မဟုတ်ဘူး။ သူတို့ချင်းပေါင်းရတာလေ နားလည်မှု အပြည့် ပေးထားတယ်။ ဒါပေမယ့် သူ့မိဘ၊ ကိုယ့်မိဘ သိတတ်ဖို့ဘဲ လိုတယ်'' လို့ ဆိုပါတယ်။
သားဖြစ်သူအတွက် အမြဲတမ်းဂုဏ်ယူနေရတယ် ဆိုတဲ့ အေးအေးခိုင်
Photo: Nyan Thwe Han Facebook
သရုပ်ဆောင် အေးအေးခိုင်ကတော့ မိသားစုအဝင်အနေနဲ့ သားလေးတစ်ယောက်ရှိတယ်လို့ သိရပါတယ်။ သူ့သားလေး ၆နှစ်အရွယ် ကတည်းက ခင်ပွန်းဖြစ်သူ ကွယ်လွန်ခဲ့တာကြောင့် သားလေးကိုလည်း အမေတစ်ယောက်လို ရော၊ အဖေ တစ်ယောက်လိုပါ ပြုစုခဲ့ရတာဖြစ်ပြီး အခုလက်ရှိမှာလည်း သားလေးပညာရေးအတွက်ကိုပဲ ပံ့ပိုးပေးနေတယ်လို့ Duwun Media ကိုပြောပြခဲ့ဖူးပါတယ်။