မကြီးစိုးကတော့ မွေးနေ့မှာ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်လို့နေပါတယ်။ မွေးနေ့ရောက်တိုင်း သံဃာတော်တွေကို ဆွမ်းချက်လောင်း ကုသိုလ်ယူခဲ့တာ (၂၅)နှစ်တိတိ ရှိခဲ့ပြီတဲ့။
Photo : စိုးကြည်ဖြူ
အနုပညာလောကသားတွေအားလုံးက မကြီးစိုးလို့ ချစ်စနိုးနဲ့ ခေါ်ခြင်းခံရတဲ့ သူမဟာ အနုပညာလောကမှာ အခုချိန်ထိ အောင်မြင်မှုတွေ ပိုင်ဆိုင်ထားနိုင်သူပါ။ ဒီနေ့ (သြဂုတ်၃၁ရက်)က သူမမွေးနေ့ဖြစ်ပါတယ်။ စိုးမြတ်သူဇာက မွေးနေ့နံနက်မှာ သံဃာတော် အပါးလေးရာခန့်ကို ဆွမ်းချက်လောင်းပြီး ကုသိုလ်ယူခဲ့တာတွေ့ရပါတယ်။
Photo : စိုးကြည်ဖြူ
မွေးနေ့ရောက်တိုင်း အခုလိုမျိုး သံဃာတော်တွေကို ဆွမ်းချက်လောင်း ကုသိုလ်ယူခဲ့တာ ဒီနှစ်နဲ့ဆိုရင် (၂၅)နှစ်တိတိ ရှိခဲ့ပြီလို့ သိရပါတယ်။
“ယနေ့ကျရောက်တဲ့ သမီးကြီးမွေးနေ့မှာ သမီးကြီးကိုယ်တိုင်မနက်လေးနာရီထပြီး ရဟန်းသံဃာတော်များနှင့်သီလရှင်များအားအရုဏ်ဆွမ်းလောင်းလှုဒါန်းခဲ့ပါတယ်။ဒီလို သမီးကြီးမွေးနေ့တိုင်း ဓမ္မာရုံမှာ သံဃာတော်နှင့်သီလရှင်များအပါး လေးရာခန့်ကိုအရုဏ်ဆွမ်းလောင်းလှုခဲ့တာ ယနေ့ဆို ၂၅ နှစ်တိတိဝတ်မပျက်ခဲ့ပါဘူးရှင်။ ဒီအတွက်လဲအင်မတန်ပီတိဖြစ်ရပါတယ်”ဆိုပြီး စိုးမြတ်သူဇာ မိခင်ရဲ့ ဖေ့စ်ဘွတ်မှာရေးသားထားပါတယ်။
Photo : စိုးကြည်ဖြူ
သူမပြုလုပ်တဲ့ကုသိုလ်ကောင်းမှုတွေကိုလည်း ၃၁ဘုံကျင်လည်နေကျတဲ့သူတွေအားလုံးကို အမျှအတန်းပေးဝေထားတာတွေ့ရပါတယ်။ စိုးမြတ်သူဇာရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၄၀ ခန့်ရှိပြီဖြစ်ပါတယ်။ သူမဟာ လက်ရှိအချိန်အထိ ပရိသတ်အခိုင်အမာ ရရှိထားသူ တစ်ယောက်ပါ။ အနုပညာလောကထဲကိုတော့ ‘’ ဆုံရပ် ကန္တာရဝတီ’’ ဆိုတဲ့ ရုပ်သံဇာတ်လမ်း ရိုက်ကူးရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်လာတာဖြစ်ပါတယ်။ ဒါကတော့ သူမအတွက် ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးပါ။ အဲဒီနောက် ၁၉၉၄ ခုနှစ်မှာ ‘’နော်ရင်မွှေး’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ပထမဆုံး အကယ်ဒမီဆုကို ရရှိပိုင်ဆိုင်ခဲ့သူပါ။
အခုလက်ရှိမှာလည်း စိုးမြတ်သူဇာဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရသူ တစ်ယောက်ပါ။ ဒါ့အပြင် စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင် နဲ့ စိုးပြည့်သဇင်တို့နဲ့ အတူပေါင်းပြီး ‘’မင်းသမီး ပိုးထည်တိုက်’’ ဆိုတဲ့ ပိုးထည်ဆိုင်ကို ဖွင့်ထားတာ တွေ့ရပါတယ်။