ဖေဖော်ဝါရီလထဲမှာ ကျရောက်မယ့် မွေးနေ့အတွက် အလှူအတန်းတွေ လုပ်ဖို့ ကြိုပြင်ဆင်နေတာပါ။ မွေးနေ့မှာလည်း ပရိသတ်တွေနဲ့အတူတူ ကုသိုလ်ပြုချင်တယ်ဆိုပြီး ဘေဘီမောင်က ပြောထားပါသေးတယ်။
Photo : ဘေဘီမောင်
သရုပ်ဆောင် ဘေဘီမောင်ဟာ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီ(၂၂) ရက်နေ့မှာ ကျရောက်မယ့် သူမရဲ့ မွေးနေ့ကို အလှူအတန်းတွေနဲ့ ဖြတ်သန်းသွားဖို့ အတွက် ပြင်ဆင်နေပါတယ်။ မိဘမဲ့ ကလေးကျောင်းမှာ မွေးနေ့ကိတ်ခွဲပြီး ကလေးတွေနဲ့အတူတူ ပျော်ပွဲရွှင်ပွဲလေးတွေလုပ်ဖို့ စဉ်းစားထားတယ်လို့ သိရပါတယ်။ သူမရဲ့ မွေးနေ့အလှူကိုလည်း ပရိသတ်တွေနဲ့အတူတူ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
“မိဘရင်ခွင်မဲ့နေတဲ့ သနားစရာကောင်းတဲ့ ခလေးလေးတွေ ဘေဘီမွေးနေ့ကျရင်သွားလှူမယ် ခလေးတွေနဲ့တူတူ ကိတ်ခွဲမယ် ပျော်ပွဲရွှင်ပွဲလေးတွေလုပ်ပေးမယ် မွေးနေ့နီးရင် fb အသဲတွေလည်း ဖိတ်မယ်နော် ဘေဘီနဲ့တူတူလာသွားလှူကြမယ်နော်” ဆိုပြီး ဖေဖော်ဝါရီ(၈) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာဖြစ်ပါတယ်။
Photo : ဘေဘီမောင်
သူမရဲ့ ပရိသတ်တွေက သူမပြုလုပ်မယ့် မွေးနေ့ အစီအစဉ်လေးကို သဘောကျနေကြပါတယ်။ အရင်တုန်းက ဆက်စီကျကျ ဝတ်စားမှုမျိုးနဲ့ လူသိများခဲ့တဲ့ ဘေဘီမောင်ဟာ အခုချိန်မှာ သရုပ်ဆောင်တစ်ယောက် ဖြစ်နေပြီဖြစ်တဲ့အတွက် အရင်လို ခပ်ဟော့ဟော့တွေ မဝတ်တော့ဘူးလို့ ပြောခဲ့ဖူးပါတယ်။ သရုပ်ဆောင်ဆိုတာ ပရိသတ်တွေရဲ့ စံပြတစ်ယောက်ဖြစ်တဲ့အတွက် ဝတ်တာစားတာ ဆင်ဆင်ခြင်ခြင် ဝတ်တော့မယ်လို့လည်း အင်တာဗျူးတွေမှာ ဖြေကြားခဲ့ဖူးပါတယ်။ ဖော်မှချွတ်မှ အောင်မြင်မယ်ဆိုရင်လည်း အောင်မြင်မှုရဲ့ နောက်ကွယ်မှာပဲ နေမယ်လို့ သူကပြောပါတယ်။
‘’ကျွန်မက မြန်မာမိန်းခလေး အလွန်ကျွံဖော်ချွတ်နေတာကို ကျွန်မကိုယ်တိုင် ရွံရှာတယ်။ တစ်ကိုယ်လုံး ဖော်ချွတ်နေပြမယ်၊ အောင်မြင်မယ်ဆို အောင်မြင်မှုနောက်ကွယ်မှာပဲနေတော့မယ်။ တစ်ခါတလေ ပွဲတက်များဝတ်စားဆင်ယင်တာကိုမပြောလိုပါ အားလုံးကိုချစ်ပါတယ်" ဘေဘီမောင်က ဆိုပါတယ်။
Photo : ဘေဘီမောင်
ဘေဘီမောင်(Baby Maung) ဟာ ပရိသတ်အခိုင်အမာရရှိနေတဲ့ အနုပညာရှင်တစ်ဦးပါ။ ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီး တွေမှာလည်း ပါဝင်သရုပ်ဆောင်နေသူ တစ်ဦးဖြစ်ပါတယ်။ Baby & Barani Beauty & Fashion House ဆိုတဲ့ ကိုယ်ပိုင်ဖက်ရှင်ဆိုင်လေးကိုလည်း ဖွင့်လှစ်ထားပါတယ်။