ဇဏ်ခီက လက်ရှိပိုင်ဆိုင်ထားတဲ့ မိသားစုဘဝအကြောင်းလေးကို ပြောပြလာပါတယ်။ အားလပ်ရက်တွေမှာလည်း သားလေးနဲ့ အတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်မှုပုံစံလေးတွေကိုလည်း ဆက်လက်ပြောခဲ့ပါသေးတယ်။
Photo: Zenn Kyi
သရုပ်ဆောင် ဇဏ်ခီက ပျော်ရွှင်စရာကောင်းတဲ့ သူတို့ မိသားစု ဘဝလေးအကြောင်းကို ဖွင့်ဟပြောပြလာပါတယ်။ လက်ရှိမှာလည်း သူ့ရဲ့ တစ်ဦးတည်းသော သားလေး နိုဝါက အသက် ၆ နှစ်ပြည့်ပြီးပြီလို့ Duwun Media ကနေတဆင့်ပြောပြခဲ့ပါတယ်။
‘’နိုဝါက ၆ နှစ်ပြည့်သွားပြီ ခင်ဗျ။ ကျန်းမာရေးလည်း ကောင်းလာပါပြီ။ သားလေးရဲ့ ဝါသနာကတော့ အရမ်းစောပါသေးတယ်။ သူဘာလုပ်ချင်တယ်၊ ဘာတွေ စိတ်ဝင်စားတယ်ဆိုတာကို မသိသေးဘူး။ ကျွန်တော့် အနေနဲ့ကတော့ သူဘာဖြစ်ရမယ်၊ သူ ဆရာဝန်ဖြစ်ရမယ်၊ အင်ဂျင်နီယာဖြစ်ရမယ်ဆိုတာမရှိပါဘူး။ သူဘာဖြစ်ချင်တယ်၊ သူဘယ်နေရာမှာ တော်သလဲ ဆိုတာကို ကျွန်တော်ကြည့်မယ်။ ပြီးရင် ပံ့ပိုးပေးမယ်။ ဒီလောက်ပါပဲ’’ လို့ သူကဆိုပါတယ်။
Photo: Zenn Kyi
ဇဏ်ခီနဲ့ ခရစ္စတီးနားခီ တို့ ဇနီးမောင်နှံဟာ အနုပညာအလုပ်တွေလုပ်သလို အားလပ်ချိန်တွေမှာလည်း သားလေးကိုလည်း အချိန်ပေးဖြစ်တယ်လို့ ဇဏ်ခီက ပြောပါတယ်။
‘’ ကျွန်တော်တို့ အားလပ်ရက်ဆိုတာကလည်း စနေ၊ တနင်္ဂနွေ အားလပ်ရက်ဆိုတာမျိုး သတ်မှတ်ထား တာမရှိတော့ အားတဲ့အချိန်တိုင်းမှာတော့ မိသားစုလေး ပျော်အောင် ဖန်တီးနေရတာပေါ့နော်’’ ဆိုပြီးတော့ Cookie TV မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။
Photo: Zenn Kyi
ဇဏ်ခီ့ အနေနဲ့ မိသားစုလေး ပျော်ရွှင်အေးချမ်းစေဖို့ တည်ဆောက်ရတဲ့ အိမ်ထောင်ဦးစီး တစ်ယောက်ဖြစ်ပါတယ်။ ဒီ့အတွက်ကြောင့် သူပိုင်ဆိုင်ထားတဲ့ မိသားစု ဘဝအကြောင်းကိုလည်း ဆက်လက်ပြောပြထားပါသေးတယ်။
‘’ မိသားစု ဘဝဆိုတာ အဆင်ပြေတဲ့အချိန်ရှိတယ်။ အဆင်မပြေတဲ့ အချိန်ရှိတယ်။ အရမ်းခက်ခဲတဲ့ အချိန်တွေ ရှိတယ်။ အဲ့ဒီအချိန်တွေမှာ တစ်ယောက်နဲ့တစ်ယောက် ဖေးဖေးမမ ၊ နားလည်မှုအပြည့်နဲ့ မေတ္တာတရားနဲ့ စည်းစည်းလုံးလုံးနေမှပဲ မိသားစုဘဝက ရေရှည်ခံတာပေါ့နော်။ အဓိက ကတော့ မိသားစုဘဝမှာ မေတ္တာတရား၊ နားလည်မှုတွေ အဓိက ထားရတာပေါ့နော်’’ လို့ သူကဆိုပါတယ်။
Photo: Zenn Kyi
ဇဏ်ခီဟာ အခုချိန်မှာ အောင်မြင်တဲ့ မင်းသားတစ်ယောက် ဖြစ်နေပါပြီ။ သူရိုက်ကူးပြီးခဲ့တဲ့ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကား ကြီးက ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့လို့ အောင်မြင်မှုများစွာရခဲ့ပါတယ်။ အဲ့ဒီနောက် မုဒြာရဲ့ ခေါ်သံ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပရိသတ်အားပေးမှု အခိုင်အမာ ရရှိခဲ့ပြန်ပါတယ်။ လက်ရှိမှာတော့ Now & Ever ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။
Share