app သုံးရတာ ပိုမြန်လာပါတယ်

     Huawei ရဲ့ နောက်ဆုံး software update ဖြစ်တဲ့ EMUI 9 ကတော့ ဒီနေ့ပဲ global ဖြန့်ချိလိုက်ပြီ ဖြစ်လို့Huawei P20/P20 Pro ၊ Mate 10/Mate 10 Pro ၊ Honor View 10 နဲ့Honor 10 တို့မှာ တင်နိုင်တော့မှာပါ။ EMUI 9 သစ်မှာ ဘာတွေ ထူးခြားလာပြီလဲ။

      EMUI 9 ဆော့ဖ်ဝဲလ်သစ်ဟာ ပိုရိုးရှင်းပြီး သဘာဝဆန်တဲ့ UI သစ် ၊ ပိုမိုမြန်ဆန်သွက်လက်တဲ့ performance စနစ် အပြင် HiVision AI လုပ်ဆောင်ချက်သစ်တွေ ပါဝင်လာပါတယ်။

(၁) UI

         Huawei ဟာ EMUI 9 မှာ ပိုပြီး ရိုးရှင်းတဲ့ ခံစားမှုကို ပေးဖို့အတွက် မလိုအပ်တဲ့ setting items တွေကို ဖြုတ်ပစ်လာပါတယ်။ အရင် EMUI 8.0 မှာတုန်းက setting items ပေါင်း ၉၄၀ ထားခဲ့ရာကနေ ဒီဆော့ဖ်ဝဲလ်သစ်မှာတော့ ၁၀% အထိ လျှော့ချပြီး ဖုန်းသုံးသူ မျက်စိအမြင်ရှင်းအောင် ဖန်တီးလာပါတယ်။

Photo: androidcentral

         visual ပိုင်းနဲ့ပတ်သက်ပြီး EMUI 9 ဟာ ဖုန်းခေါ်တဲ့အခါမှာ နောက်ခံ scene ကို ရေခဲတောင် ၊ ပင်လယ်နဲ့ကျောက်ဆောင်တို့လို သဘာဝရှုမျှော်ခင်းတွေနဲ့အစားထိုးပြီး ဖုန်းပြောနေချိန် သက်တောင့်သက်သာရှိစေအောင် ပြင်ဆင်ထားပါတယ်။ နောက်ခံ theme ပိုင်းအပြင် အသံမှာလည်း သဘာဝနဲ့အနီးစပ်ဆုံး ဖြစ်အောင် ထည့်သွင်းထားတာ တွေ့ရပါတယ်။

         ဒီဇိုင်း layout အထားအသိုပိုင်းမှာ ဖုန်းမျက်နှာပြင် အောက်ခြေကနေ အပေါ်အထိ app တွေကို လက်တစ်ဖက်တည်းနဲ့လှမ်းမီအောင် ပြန်ပြီး ဒီဇိုင်းထုတ်ထားပါတယ်။ gesture တွေနဲ့back ဆုတ်တာ ဖုန်း app တစ်ခုကနေ တစ်ခုထဲ သွားတာကလည်း ပိုရှင်းလာပါတယ်။

(၂) Performance

         EMUI 9 သစ်မှာ ဖုန်းသုံးရတာ ပိုပြီး သွက်လာမှာပါ။ EMUI 8 ထက် system response speed မှာ ၂၅.၈% ထိ တက်လာပြီး စနစ်ပိုင်း ချောမွေ့သွက်လက်မှုမှာ overall ၁၂.၉% ထိ ရှိလာပါတယ်။ app တွေ ဖွင့်ရတာ ကြန့်ကြာမှု မရှိတော့သလို Facebook ၊ Chrome နဲ့Outlook အပါအဝင် app ၁၅ ခုကို launch လုပ်မှာ EMUI 9 တင်ထားတဲ့ Mate 20 Pro ဟာ iPhone XS ထက် မိုက်ခရိုစက္ကန့်၁၀၀၀ နဲ့အထက် ပိုမြန်နေတယ်လို့ဖော်ပြထားပါတယ်။

         ဂိမ်းပိုင်းစွမ်းဆောင်ရည်အနေနဲ့GPU Turbo 2.0 ကနေ ဂိမ်းအကြီးတွေ မထစ်ဘဲ ဆော့နိုင်အောင် ထုတ်ပေးထားသလို touch delay ဖြစ်မှုကိုလည်း ၃၆% ထိ လျှော့ချပေးနိုင်မှာပါ။ ဒီနည်းပညာမှာပဲ အဆင့်မြင့် အပူထိန်း စနစ်ပါလာလို့ဖုန်း screen အပူချိန်ကို အမြင့်ဆုံး ၃.၆ ဒီဂရီ စင်တီဂရိတ်နဲ့ဖြတ်တောက်ပေးနိုင်မှာပါ။


(၃) AI

         HiVision ပါလာပြီး အလွယ်တကူ အွန်လိုင်း ရှော့ပင်ထွက်နိုင်တဲ့ စနစ်တွေ ပါဝင်လာပါတယ်။ ကုန်ပစ္စည်းပေါင်း သန်း ၁၂၀ ကျော် ပါဝင်တဲ့ database နဲ့ကမ္ဘာပေါ်က eCommerce ပလက်ဖောင်း ၂၀၀ ကျော်နဲ့ချိတ်ဆက်ပြီး လက်ညှိုး ၂ချောင်းနဲ့press ဖိလိုက်တာနဲ့အမြန်ဈေးဝယ်နိုင်စေမှာပါ။ ဒါ့အပြင် အစားအသောက်တွေကို စကင်ဖတ်ပြီး ကယ်လိုရီဘယ်လောက် ပါသလဲ ကြည့်နိုင်တဲ့ စနစ် ၊ AR Translate ဘာသာပြန်တဲ့ စနစ်နဲ့HiVision နည်းပညာကို ခရီးသွားဖော်လို သုံးနိုင်မယ့် စနစ်များလည်း ပါဝင်လာပါတယ်။

(၄) ဖုန်းသုံးချိန်ကို သတ်မှတ်ပေးနိုင်မယ့် App Timer

Photo: Digital Trends

         ဒီတစ်ခုကတော့ Digital Balance လို့နာမည်ပေးထားတဲ့ စမတ်ဖုန်း အသုံးလွန်ကဲမှုကို ထိန်းချုပ်ပေးမယ့် စနစ်ပါ။ Digital Balance ကနေ ဘယ် app ကိုတော့ ဘယ်နှစ်နာရီပဲ သုံးမယ်လို့သတ်မှတ်နိုင်တဲ့ စနစ်ဖြစ်ပြီး မိဘတွေအနေနဲ့အရွယ်မရောက်သေးတဲ့ ကလေးများ ဖုန်းသုံးတဲ့ အချိန်ကိုပါ ကန့်သတ်ပေးတာမျိုး တွေ ရပါတယ်။ EMUI 9 ရဲ့ feature ထဲက တစ်ခုက Bedtime ပါ။ အိပ်ချိန်ရောက်တာနဲ့screen ကို အရောင်မှိုင်းသွားအောင် ပြောင်းပေးမှာ ဖြစ်ပါတယ်။

(၅) Wireless Sharing

         ကြိုးမဲ့ ချိတ်ဆက်မှုတစ်ခုက ဖုန်းကို TV လိုမျိုး monitor တစ်ခုနဲ့ချိတ်ပြီး screen အကြီးစားအဖြစ် ပြပေးနိုင်သလို စာတွေ လှန်တာ ၊ စာသားတွေ highlight ပြတာ တွေ သုံးနိုင်မှာပါ။ နောက်တစ်ခုက Huawei Share 3.0 နဲ့ဖိုင်တွေ share တာ ဖြစ်ပြီး transfer speed ကတော့ အမြင့်ဆုံး 488 Mbps နှုန်းအထိ ရှိလာမှာ ဖြစ်ပါတယ်။

Photo: Huawei Central

         EMUI 9 ကို update လုပ်ဖို့အတွက် HiCare app ကို ဖွင့်ပြီး Login ကနေ တစ်ဆင့် region ရွေးရမှာပါ။ ပြီးရင်တော့ user agreement and Privacy Notice ကို Agree လုပ်ပြီး update >> Request update >>Apply >> Checking for new system update ကနေ တစ်ဆင့် Download and Install လုပ်ရမှာ ဖြစ်ပါတယ်။

Share

က္က