မြေစာရင်းပုံစံ (၁၀၅) နှင့် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)ရရှိအောင်လုပ်ပေးမယ်ဆိုပြီးတောင်းခဲ့ကြတာပါ။

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက လက်ထောက်ဦးစီးမှူး ဦးအောင်စိုးလင်းနဲ့ မြေတိုင်း-၄ ဦးဇော်အေးလတ်တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်အရေးယူလိုက်ပါတယ်။

Photo - ACC Myanmar

မှော်ဘီမြို့နယ်၊ ပက်တန်းကျေးရွာတွင် ဒေသခံလယ်သမားများ နှစ် ၃၀ ကျော် လယ်လုပ်ငန်း လုပ်ကိုင်အသက်မွေးခဲ့ကြပြီး မပယ်ဖျက်ရသေးတဲ့ စားကျက်မြေ မြေဧက ၁၄၀ အတွင်းမှာ လယ်သမားအိမ်ထောင်စု ၃၁ စု ဆီကနေ မြေဂရန်ချပေးမည်ဆိုကာ ငွေတောင်းခံခဲ့တာကြောင့်ဖြစ်တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဇန်နဝါရီလ ၂၉ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းရာမှာ မှော်ဘီမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးအောင်စိုးလင်းနဲ့ မြေတိုင်း-၄ ဦးဇော်အေးလတ်တို့ဟာ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းက မြေစာရင်းပုံစံ (၁၀၅) နှင့် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)ရရှိအောင် ဆောင်ရွက်ပေးမယ်ဆိုပြီး ရပ်မိရပ်ဖတွေမှတစ်ဆင့် အကူအညီတောင်းကာ တစ်ဧကကို ၅၀၀၀၀ ကျပ်နှုန်းသတ်မှတ်ကာတစ်ဝက်ဖြစ်တဲ့ ၂၅၀၀၀ ကျပ်စီ ကောက်ခံခဲ့ပါတယ်။

ကောက်ခံရရှိတဲ့ ငွေကျပ် တစ်ဆယ့်ငါးသိန်း ငါးသောင်းကျပ်မှ ၈ သိန်းကို လက်ထောက်ဦးစီးမှူး ဦးအောင်စိုးလင်း၊ ၃ သိန်းကို မြေတိုင်း-၄ ဦးဇော်အေးလတ်တို့က မှော်ဘီမြို့ ဆိုင်ကယ်ဂိတ်အနီး Star စားသောက်ဆိုင်မှာ လက်ခံရယူခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။ ဒါကြောင့် သူတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ မှော်ဘီမြို့မရဲစခန်းမှာ ဇန်နဝါရီလ ၂၈ ရက်နေ့က ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်ပြီး တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က