မိုးအောင်ကို သာသနာ့ဘောင်ထဲမှာ ထားခဲ့ပြီး မိခင်နဲ့ဖခင်တို့က အင်္ဂလန်ခဏပြန်သွားတယ်လို့ သိရပါတယ်။
Photo : မိုးအောင်ရင်
သရုပ်ဆောင် မိုးအောင်ရင်ဟာ မေလ(၇) ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်ခဲ့ပြီးနောက် မေ(၁၂) ရက်နေ့မှာ သာသနာ့ဘောင်ထဲသို့ ဝင်သွားခဲ့တာ ဖြစ်ပါတယ်။ မေဃဇယဘွဲ့နာမည်ကို ခံယူကာ သာသနာ့ဘောင်မှာ အေးချမ်းမှုတွေ ရှာဖွေလို့နေပါတယ်။
Photo : မိုးအောင်ရင်
ဖခင်ဖြစ်သူ အောင်ရင်ကလည်း သားကို ရန်ကုန်မှာ ခဏထားခဲ့ပြီး သူတို့ဇနီးမောင်နှံက အင်္ဂလန်ကို ခဏပြန်သွားတယ်ဆိုပြီး ပြောထားတာတွေ့ရပါတယ်။
“သားကသင်္ကန်းစီးပြီး မေဃဇယ ဘွဲ့အမည်နဲ့ ရန်ကုန်မှာကျန်ခဲ့တယ် အဖေနဲ့အမေကတော့ ဘိလပ်ခဏပြန်ပြီဗျ” ဆိုပြီး မေလ(၁၂) ရက်နေ့ ညပိုင်းက အောင်ရင်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။ အဲဒီနောက် သားဖြစ်သူ သင်္ကန်းစီးတုန်းက ပုံလေးတွေကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားပါသေးတယ်။
Photo : မိုးအောင်ရင်
မိုးအောင်ရင်ဟာ မေလ ၇ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့် နဲ့ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။ သူ့ကိုတော့ မူးယစ်ဆေးဝါးမှုနဲ့ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့က မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ အကျဉ်းချခံခဲ့ရတာဖြစ်ပါတယ်။ သူဟာ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ သုံးစွဲမှု တို့အတွက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ အတွင်းက အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ် ကျခံခဲ့ရတာဖြစ်ပါတယ်။
Photo : မိုးအောင်ရင်
မိုးအောင်ရင်ကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကား၊ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ သူဟာ အဆိုတော် အောင်ရင်ရဲ့ သားတစ်ယောက်ဖြစ်ပါတယ်။ အပြုံးချိုချို၊ သဘောကောင်းလွန်းသူ၊ ပေးလာတဲ့ ကာရိုက်တာအပေါ် အကောင်းဆုံး သရုပ်ဆောင်နိုင်သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ဒီနေ့ အထိ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသားချောတစ်ယောက်ပါ။