နောင် သုံးလေးနှစ်အတွင်း နိုင်ငံမှာ လျှပ်စစ်မီး ၁၀၀ ရာခိုင်နှုန်း အပြည့်ရရှိမယ်လို့ မျှော်မှန်းထားကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ဧပြီလ ၄ ရက်က မွန်ပြည်နယ်ခရီးစဉ်အတွင်း ဒေသခံလူထုတွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။
Photo Myanmar State Counsellor Office (အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မော်လမြိုင်ကို ရောက်ရှိလာစဉ်)
လက်ရှိမှာနိုင်ငံတော် အစိုးရအနေနဲ့ တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိစေဖို့ ကြိုးစားနေပြီး ၂၀၁၉ ခုနှစ်မကုန်ခင်မှာတော့ နိုင်ငံရဲ့ ၅၀ ရာခိုင်နှုန်းကျော်မှာ လျှပ်စစ်မီးရရှိဖို့ မျှော်လင့်ထားတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
“ရည်မှန်းချက် အကောင်အထည်ပေါ်အောင်လုပ်ဖို့ အများကြီးလိုအပ်ပါတယ်။ ငွေရေးကြေးရေး၊ ကျွမ်းကျင်ပညာရှင်တွေရဲ့ လိုအပ်ချက်တွေရှိပါတယ်။ နောက်ပြီးတော့ လုံ့လဝီရီယရှိဖို့လည်း လိုပါတယ်” လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုပါတယ်။
ပြည်သူလုူထုတွေရဲ့ အခြေခံပြသနာတွေ ဖြစ်တဲ့ သောက်သုံးရေ မလုံလောက်မှု၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍနဲ့ မြေယာပြသနာတွေကိုလည်း ဖြေရှင်းဆောင်ရွက်သွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။
လယ်ယာမြေပိုင်ဆိုင်ခွင့်မှာ အစိုးရအနေနဲ့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်များအတိုင်း မူလပိုင်ရှင်များထံ လယ်ယာမြေများ ပြန်လည်ပေးအပ်ခြင်းလုပ်ငန်းကို အမြန်ဆုံး ဆောင်ရွက်သွားမှာ ဖြစ်သလို ပြည်သူလူထုကလည်း တရားဥပဒေဘောင်အတွင်းမှ ရသင့်ရထိုက်သည်များကို မှန်မှန်ကန်ကန်တောင်းဆိုဖို့ လိုအပ်တယ်လို့လည်း အတိုင်ပင်ခံပုဂ္ဂိုလ်က မှတ်ချက်ပြုခဲ့ပါတယ်။
Photo Myanmar State Counsellor Office (အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မော်လမြိုင်ဒေသခံတွေနဲ့ တွေ့ဆုံစဉ်)
သောက်သုံးရေမလုံလောက်မှုမှာလည်း လူသားတွေ အတွက် အခြေခံလိုအပ်ချက် ဖြစ်တာကြောင့် အလေးထား ဆောင်ရွက်နေတယ်လို့လည်း အတိုင်ပင်ခံက ဆိုပါတယ်။
ဒေသခံပြည်သူတွေကလည်း အမှိုက်သိမ်းယာဉ်ချပေးရေး၊ စာကြည့်တိုက်မှာ စာအုပ်စာပေကောင်းများ ထားရှိပေးရေး၊ ငွေစက္ကူအတုကိစ္စ၊ တိုက်နယ်ဆေးရုံ အတွက် ဓာတ်မှန်စက်ထားရှိပေးရေးနှင့် လျှပ်စစ်မီးရရှိရေးဆိုင်ရာကိစ္စတွေကို တင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့က ဆောင်ရွက်ပေးနိုင်တဲ့ ကိစ္စရပ်တွေ ပြန်လည်ဖြေကြားပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဖြည့်စွက် ရှင်းလင်း ဖြေကြားခဲ့တာဖြစ်ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ ၄ ရက်နေ့ကတည်းက မော်လမြိုင်ကို ရောက်ရှိခဲ့ပြီး မော်လမြိုင်နဲ့ ချောင်းဆုံက ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံခဲ့ကာ ဧပြီလ ၅ ရက်မှာတော့ သထုံမြို့ကို ရောက်ရှိခဲ့ပါတယ်။