အသက် (၂၀) အရွယ် ရန်ကုန်တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်ပါတယ်။

အသက် ၂၀ အရွယ်ကျောင်းသူလေးတစ်ဦးဖြစ်တဲ့ မအေးအိန္ဒြာမောင်ဟာ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေးသံရုံးရဲ့ သံအမတ်ကြီးတစ်ဦးအဖြစ် တစ်ရက်တာ တာဝန်ထမ်းဆောင်ခဲ့တယ်လို့ အဆိုပါသံရုံးက သတင်းထုတ်ပြန်ပါတယ်။

မအေးအိန္ဒြာမောင်။ Photo- Royal Norwegian Embassy in Yangon

အောက်တိုဘာ ၁၀ ရက်နေ့က တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး Plan International ရဲ့ ပုခုံးပြောင်းတာဝန်လွှဲယူကြမည့် မိန်းကလေးငယ်များ (#GirlsTakeover) အစီအစဉ်ရဲ့ ကဏ္ဍတစ်ခုအနေနဲ့ လုပ်ဆောင်တာဖြစ်ပါတယ်။

တာဝန်ထမ်းဆောင်တဲ့ တစ်ရက်တာအတွင်း ရန်ကုန်မှာရှိတဲ့ သံမှူးတွေနဲ့အတူ ရွေးကောက်ပွဲဆိုင်ရာအစည်းအဝေးကို တက်ရောက်ခဲ့ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဥက္ကဌဖြစ်လာရေးအတွက် နော်ဝေနိုင်ငံရဲ့ ကြိုးပမ်းမှုတွေအတွက်ကိုလည်း ဝင်ပြီးအကြံပေးဆွေးနွေး ခဲ့သေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် Norwegian Church Aid အဖွဲ့ကိုလည်း လက်ခံတွေ့ဆုံခဲ့သလို သံရုံးရဲ့ ဆိုရှယ်မီဒီယာမှာလွှင့်တင်မယ့် အကြောင်းအရာတွေကိုလည်း လမ်းညွှန်ဆုံးဖြတ်ပေးခဲ့ပါသေးတယ်လို့ ဆိုပါတယ်။

Photo- Royal Norwegian Embassy in Yangon

“အစည်းအဝေးချည်းပဲ ၁၀ ခုလောက်တက်ခဲ့ရတဲ့ ဒီနေ့ကတော့ အတော့်ကိုရှုပ်ထွေးပင်ပန်းလွန်း ပါတယ်။ ဒါပေမယ့် ကျွန်မကတော့ ပျော်နေတာပဲ။ သံတမန်လောကမှာလည်း အလုပ်လုပ်ချင်ပါတယ်။ အမျိုးသမီးတစ်ယောက်ကဦးဆောင်နေတဲ့ သံရုံးမှာ အလုပ်လုပ်ရတာကိုက အရမ်းကို စိတ်ခွန်အား တိုးပွားခဲ့ပါတယ်။ ကျွန်မလို မိန်းကလေးငယ်တွေကိုလည်း ဦးဆောင်သူတွေဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်” လို့ မအေးအိန္ဒြာမောင်က ပြောခဲ့ပါတယ်။

အဲဒီကမ်ပိန်းအစီအစဉ်ဟာ ကမ္ဘာတစ်ဝှမ်းက မိန်းကလေးငယ်တွေ ဦးဆောင်မှုကဏ္ဍကို ရယူနိုင်ကြစေဖို့ တိုက်တွန်းအားပေးတဲ့ အနေနဲ့ လူမှုရေးအရကော နိုင်ငံရေးအရပါ ကြိုးပမ်းဆောင်ရွက်သင့်တာတွေကို နှိုးဆော်ပေးတဲ့အစီအစဉ်တစ်ခုလည်းဖြစ်ပါတယ်။

“သံအမတ်အဖြစ်နဲ့ တစ်ရက်တာ တာဝန်ယူလုပ်ဆောင်သွားခဲ့တဲ့ အေးအိန္ဒြာရဲ့လုပ်ရပ်တွေကတော့ အံ့မခန်းပါပဲ။ အနာဂါတ်မှာ အမျိုးသမီးခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်တဲ့ မြန်မာနိုင်ငံရဲ့ မျိုးဆက်သစ်တွေထဲက အထင်ရှားဆုံး စံနမူနာတစ်ခုလို့လည်း ဆိုရမှာပါ။ နောက်ဆိုရင် နိုင်ငံရေးနယ်ပယ်နဲ့ ဦးဆောင်သူအခန်းကဏ္ဍတွေမှာ ပေါ်လွင်ထင်ရှားလာမယ့် မြန်မာမိန်းကလေး အားလုံးကို ကိုယ်စားပြုသွားတယ်ဆိုရင်လည်း မမှားပါဘူး” လို့ နော်ဝေသံအမတ်ကြီး Tone Tinnes ကလည်း မှတ်ချက်ပြုသွားခဲ့ပါတယ်။

နော်ဝေသံရုံးမှာ တစ်ရက်တာ လာရောက်ထမ်းဆောင်ပေးသွားတဲ့ သံအမတ်ကြီးမအေးအိန္ဒြာမောင်ကို ကျေးဇူးတင်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံရုံးက ထုတ်ပြန်ထားတာပါ။

မအေးအိန္ဒြာမောင်ဟာရန်ကုန်တက္ကသိုလ်မှာ နိုင်ငံတကာဆက်ဆံရေးဘာသာရပ် ဒုတိယနှစ် တက်ရောက်နေတဲ့ ကျောင်းသူတစ်ဦးဖြစ်တယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က