မန်ချက်စတာစီးတီးရဲ့ သွင်းဂိုးအတွက် အညှာအတာကင်းမဲ့တဲ့ ဆာလောင်မှုဟာ မကြာမီအချိန်အတွင်း ၎င်းတို့ကို ပွဲစဉ်တစ်ပွဲမှာ သွင်းဂိုး ၁၀ အထိ သွင်းယူနိုင်စေလိမ့်မယ်လို့ ဝက်ဖို့ဒ်အသင်းဂိုးသမား ဘန်ဖော်စတာက ပြောကြားခဲ့ကြောင်း Sportskeeda ရဲ့သတင်းအရ သိရပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံမန်ချက်စတာစီးတီးအသင်းဟာ ပြီးခဲ့တဲ့စနေနေ့က ၎င်းတို့ရဲ့အညှာအတာအကင်းမဲ့ဆုံးပွဲစဉ်အဖြစ် အိမ်ကွင်းအီတီဟတ်မှာ ဧည့်သည် ဝက်ဖို့ဒ်အသင်းကို ၈ ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ယူခဲ့တာဖြစ်ပါတယ်။
ဒေးဗစ်ဆေးလ်ဗား၊ ဆာဂျီယိုအဂူရိုနဲ့ မာရက်ဇ်တို့အားလုံး ဂိုးသွင်းယူနိုင်ခဲ့ပြီး ၁၅ မိနစ်မှာ စတုတ္ထမြောက်ဦးဆောင်ဂိုး သွင်းယူခဲ့တဲ့ ဘာနာဒိုဆေးလ်ဗားက တစ်ဦးတည်း ၃ ဂိုး ဟက်ထရစ် သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာစီးတီးနောက်ခံကစားသမား အိုတာမန်ဒီက ပဉ္စမမြောက်ဦးဆောင်ဂိုးကို ၁၈ မိနစ်မှာ သွင်းယူပေးခဲ့ပြီး ဝက်ဖို့ဒ်အသင်းဂိုးသမား ဘန်ဖော်စတာက ၎င်းအနေနဲ့ ကြီးကြီးမားမား ထိခိုက်မှုမျိုးမရှိဘဲ ပထမဆုံးပြီးဆုံးတဲ့အချိန် ရောက်ရှိနိုင်ခဲ့တဲ့အတွက် အလွန်အမင်းပျော်ရွှင်မိခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
“အဲဒီအချိန်မှာ သူတို့တွေ ကြောက်လန့်နေခဲ့ကြပါတယ်”
“အဲဒါကတော့ အညှာအတာကင်းမဲ့တာပါပဲ။ ဂိုးသမားတစ်ယောက်အနေနဲ့ ပထမနေရာမှာ ဒီကို လာပြီး တစ်ဂိုး ဒါမှမဟုတ် နှစ်ဂိုးလောက်နဲ့ ထိန်းထားနိုင်ရင် အောင်မြင်မှုတစ်ခု ရသလောက်နီးပါးဖြစ်မှာပါ။ ခင်ဗျား သူတို့ ကျွန်တော်တို့ ခံစစ်ကို ဖွင့်လှစ်ပြီး မျက်စိရှေ့မှာတင် အခွင့်အရေးတွေ ဖန်တီးသွားတာကို မြင်နိုင်ပါတယ်”
“အဲဒါက လုံးဝကို ပျော်စရာမကောင်းပါဘူး။ ရိုးရိုးသားသားပြောရရင် ရလဒ်က ဂဏန်း ၂ လုံးအထိတောင် ဖြစ်သွားနိုင်ပါတယ်။ အဲဒီလိုမျိုး သူတို့ တခြားအသင်းကို လုပ်လိမ့်မယ်။ သူတို့တွေ မကြာမီအချိန်အတွင်း ၉ ဂိုး ဒါမှမဟုတ် ၁၀ ဂိုးလောက် သွင်းပါလိမ့်မယ်”ဒီစီ