ဖိအားတွေအောက်ရောက်နေခဲ့တဲ့ မော်ရင်ဟိုကတော့ အခုချိန်ထိ နိုင်ပွဲပြန်မရသေးပဲ အိမ်ကွင်းမှာ သရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ အနိုင်ရဖို့အတွက် တိုက်စစ်ပိုင်းမှာ ရက်ဖို့ဒ်၊ လူကာကူ၊ ဆန်းချက်ဇ်တို့ကို ထားခဲ့ပြီး ကွင်းလယ်မှာ မာတစ်၊ ပေါ့ဂ်ဘာ၊ ဖယ်လိုင်နီ၊ နောက်တန်းမှာ စမောလင်း နဲ့ ဘိုင်ယီတို့ကို တွဲဖက်ပေးခဲ့ပါတယ်။
ဗလန်စီယာကလည်း သူတို့ရဲ့ အကောင်းဆုံးကစားသမားတွေဖြစ်တဲ့ ဂါရေး၊ ကိုကွီလင်၊ ပါရီဟို့စ်၊ ရိုဒရီဂို၊ ဘတ်ရှူဝါယီ၊ ဂွီဒက်တို့နဲ့ လူစုံခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ အမှတ်ရဖို့ ကြိုးစားခဲ့ပါတယ်။ ဗလန်စီယာက ပွဲအစအဆုံး မန်ယူကို သူတင်ကိုယ်တင် ကစားနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်း ရရှိခဲ့ပါတယ်။
မန်ယူကတော့ တိုက်စစ်ပိုင်း အားနည်းနေခဲ့ပြီး အသင်းဖော်ချင်း ချိတ်ဆက်ရာမှာ နားလည်မှုလိုအပ်နေခဲ့တာမို့ သွင်းဂိုးတွေ မရခဲ့ပါဘူး။ အနိုင်ရဖို့ ကြိုးစားခဲ့တာကို တွေ့ရပေမယ့် ကစားကွက်ပိုင်းက ထင်သလောက် အားရစရာမရှိခဲ့ပဲ အိမ်ကွင်းမှာ သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရတာပါ။ ဗလန်စီယာကတော့ ရမှတ်ပိုင်ဆိုင်ဖို့ ရည်ရွယ်ချက် အောင်မြင်ခဲ့ပြီး အသင်းလိုက်အားနဲ့ မန်ယူကို တုံ့ပြန်သွားခဲ့ပါတယ်။
မန်ယူခံစစ်ပိုင်းက နည်းနည်းလေး တိုးတက်လာခဲ့တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ဗလန်စီယာရဲ့ တန်ပြန်တိုက်စစ်တွေနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ စမောလင်း နဲ့ ဘိုင်ယီတို့အတွဲ ပျာယာခတ်ခဲ့ရပြီး ဗလန်စီယာ နဲ့ လုခ်ရှောကပါ ပူးပေါင်းကူညီပေးခဲ့ရပါတယ်။ နှစ်သင်းစလုံး ရရှိခဲ့တဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ ဂိုးမရှိသရေနဲ့ ကျေနပ်ခဲ့ရတာပါ။
ဒီအုပ်စုမှာ ဂျူဗင်တပ်စ်က ရမှတ် (၆)မှတ် နဲ့ ဦးဆောင်နေပြီး မန်ယူက (၄)မှတ်၊ ဗလန်စီယာက (၁)မှတ်၊ ယန်းဘွိုင်းက အမှတ်မရသေးပဲ အစဉ်လိုက်ရပ်တည်နေပါတယ်။ နောက်ပွဲစဉ်တွေအဖြစ် မန်ယူ နဲ့ ဂျူဗင်တပ်စ်၊ ဗလန်စီယာ နဲ့ ယန်းဘွိုင်းတို့ ရင်ဆိုင်ရမှာဖြစ်ပြီး အုပ်စု အဆင့်က တက်ရောက်နိုင်ဖို့ အရေးပါတဲ့ ပွဲစဉ်တွေ ဖြစ်ပါတယ်။