နေတိုးနဲ့ နေခြည်ဦးတို့ကိုတော့ ‘’ အခမ်းနားဆုံး မေတ္တာ’’ ဆိုတဲ့ ရုပ်ရှင်ကားကြီးထဲမှာ ပထမဆုံးအကြိမ်အတူတွဲ သရုပ်ဆောင်တာ မြင်ရတော့မှာဖြစ်ပါတယ်။ နေခြည်ဦးရဲ့ သရုပ်ဆောင်ဝါသနာကြီးမှုအပေါ်မှာလည်း နေတိုးက ပြောပြခဲ့ပါတယ်။
နေတိုးက မကြာခင်ရိုက်ကူးတော့မယ့် ‘’အခမ်းနားဆုံးမေတ္တာ’’ ရုပ်ရှင်ဇာတ်ကားကြီးမှာ နေခြည်ဦးနဲ့ အတူတွဲသရုပ်ဆောင်ရမှာဖြစ်ပါတယ်။ နေခြည်ဦး ဟာရုပ်ရှင်ဇာတ်ကား ၅ ကားရိုက်ကူးပြီးသားဖြစ်တာကြောင့် သူမရဲ့ အနုပညာအရည်အချင်းတွေပေါ်မှာလည်း နေတိုးက မီဒီယာတွေကနေတဆင့် သုံးသပ်ပြောပြလာပါတယ်။
‘’ သူက ကြိုးစားတယ်လို့ ကျွန်တော် သုံးသပ်မိတယ်ပေါ့နော်။ အတူတူမရိုက်ရသေးတဲ့အခါကျတော့ သူ့ရဲ့ အနုပညာနဲ့ ပတ်သက်ပြီး ကြိုးစားအားထုတ်မှုကတော့ ဘယ်လောက်အထိ ရိုက်ကွင်းပေါ်မှာ ရှိလာမလဲ ဆိုတာတော့ ကျွန်တော် မသိသေးပါဘူး။ ဒါပေမယ့် သရုပ်ဆောင်ပညာရပ်ကိုတော့ သူ ဝါသနာ အရမ်းကြီးတယ်လို့ ကျွန်တော် မြင်ပါတယ်’’ လို့ သူကဆိုပါတယ်။
သရုပ်ဆောင် အသစ်တွေနဲ့ အတူတွဲအလုပ်လုပ်ရတဲ့အခါမှာတော့ နေတိုးက ကာရိုက်တာနဲ့ ပတ်သက်တာတွေ ပိုပြီးတော့ ဆွေးနွေးဖြစ်တယ်လို့ မေလ ၂ ရက်နေ့က ‘’အခမ်းနားဆုံး မေတ္တာ’’ ရုပ်ရှင်ကားကြီး ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။
‘’ကျွန်တော်တို့ကကျတော့ သရုပ်ဆောင် သစ်တွေနဲ့ အလုပ်လုပ်ရတဲ့အချိန်မှာ ဇာတ်ကောင်ရဲ့ ဖွဲ့စည်းထားတဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ တစ်ခါတလေကျရင် နေမိတာပေါ့။ ကိုယ်ကိုယ်တိုင်ကလည်း တစ်ခါတလေကျရင် စကားကို အများကြီးဖောင်ဖွဲ့ပြီးတော့ မပြောတတ်ဘူး။ အလုပ်လုပ်တဲ့အခါမှာတော့ လိုအပ်ရင် လိုအပ်သလောက် ပြောဆို ဆွေးနွေးတာမျိုးတော့ရှိတယ်’’လို့ သူကဆိုပါတယ်။
နေခြည်ဦးဟာ နေတိုး နဲ့အတူ ပထမဆုံးအကြိမ်အတူတွဲသရုပ်ဆောင်ရမှာဖြစ်လို့ ရှိန်တာမျိုးရှိတယ်လို့ မီဒီယာ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ ဒီအတွက် နေတိုးကလည်း ရိုက်ကူးရေးအတွက် ပြင်ဆင်နေရတဲ့ အချိန်တွေမှာတော့ နေသားကျသွားမှာပါလို့ ဆိုပါတယ်။
‘’ အခုက မရင်းနှီးသေးဘူး၊ နောက်ပိုင်းမှာ ဇာတ်ညွှန်းတွေကို အတူတူ ဖတ်၊ အတူတူပြောရမယ့် အချိန်တွေရှိသေးတယ်။ အဲဒီအချိန်တွေကို ရောက်ရင်တော့ သူ့အလိုလိုဖြစ်သွားမှာပါ။ ကျွန်တော်တို့က အပြင်မှာလည်း သူငယ်ချင်းတွေမဟုတ်ဘူး၊ အလုပ်တွေကလည်း သူ့နေရာနဲ့ သူဆိုတော့ ကျွန်တော်တို့က တကူးတကကြီး တွေ့ဆုံတာမျိုးမရှိဘူး။ ပြီးတော့ စီနီယာတစ်ယောက်ရဲ့ အရှိန်လည်း ပါရင် ပါမှာပေါ့နော်။ အရှေ့မှာ အနုပညာအလုပ် အနှစ် ၂၀ လောက်ဖြတ်သန်းထားတဲ့ လူတစ်ယောက်အပေါ်မှာတော့ လူငယ်တစ်ယောက်အနေနဲ့ ရှိန်တယ်ဆိုတာကတော့ ဖြစ်ရိုးဖြစ်စဉ်ပါ’’ လို့ သူကပြောပါတယ်။
အခမ်းနားဆုံး မေတ္တာ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကို 7 Sense ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ရိုက်ကူးပုံဖော်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ နေတိုး၊ ရဲအောင်၊ တိုင်ရွန်၊ သူရိယ၊ စိုးမြတ်သူဇာ၊ နေခြည်ဦး၊ ခင်သဇင် တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ‘’အခမ်းနားဆုံး မေတ္တာ’’ ရုပ်ရှင်ဇာတ်ကားကို မေလ ၁၅ ရက်နေ့ နောက်ပိုင်းမှာ ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။