Xiaomi ရဲ့ တန်ဖိုးနည်း စမတ်ဖုန်းတွေဟာ တရုတ်နိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်ဆိုပြီး ဘလော့ဂါတစ်ဦးက ဝေဖန်ခဲ့ပါတယ်။
Telco Panda လို့ ခေါ်တဲ့ ဘလော့ဂါ တောင်ဇင်ရှီယိုရှောင်မော် ဆိုသူဟာ တရုတ်လူမှုကွန်ရက်တစ်ခု ဖြစ်တဲ့ Weibo မှာ တနင်္ဂနွေနေ့က ဈေးချိုလွန်းတဲ့ ဖုန်းတွေ ထုတ်လုပ်တဲ့ Xiaomi ကို ပြစ်တင် ဝေဖန်ခဲ့တာ ဖြစ်တယ်လို့ Abacus သတင်းမှာ ဖော်ပြထားပါတယ်။ Weibo မှာ Xiaomi အနေနဲ့ တန်ဖိုးနည်းဖုန်းတွေ ထုတ်လုပ်ခြင်းဟာ တရုတ်နိုင်ငံအတွက် နစ်နာတယ်လို့ ရေးသားခဲ့တာပါ။
Photo: livemint
Huawei ပရိတ်သတ်တစ်ဦးလည်း ဖြစ်တဲ့ ဒီဘလော့ဂါဟာ တရုတ်လို နိုင်ငံကြီးအတွက် ကမ္ဘာ့အဆင့် Level ကို မြှင့်တင်ရမှာ အခုလို ဈေးပေါခြင်းဟာ နှေးကွေးလေးလံအောင် လုပ်တဲ့ အဟန့်အတားတစ်ခု ဖြစ်နိုင်တယ်လို့ ဝေဖန်ခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ Xiaomi အမှတ်တံဆိပ်ကို ကြိုက်သူတွေ များခြင်းဟာ တိုင်းပြည်မှာ တစ်ခုခုတော့ မှားနေပြီလို့ ပြောထားပါတယ်။
Telco Panda ရဲ့ ရေးသားချက်ကို Xiaomi ရဲ့ ဒုဥက္ကဌ လုဝေဘင်းက ဒေါသထွက်ခဲ့ပြီး " ဖွံ့ဖြိုးပြီး နိုင်ငံတွေကို ဥပမာတစ်ခုအနေနဲ့ ကြည့်ခြင်းဟာ နိုင်ငံရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိခြင်းပါပဲ။ ဖွံဖြိုးပြီးသား နိုင်ငံတွေက ကျွန်တော်တို့ဆီကို Walmart ၊ IKEA ၊ Costco ၊ UNIQLO နဲ့ တစ်ခြား ကုမ္ပဏီတွေ brands တွေ ယူလာတယ်။ တစ်ကမ္ဘာလုံးကို အကျိုးရှိစေပါတယ်။" လို့ လုဝေဘင်းက တုန့်ပြန်ပါတယ်။
လုဝေဘင်း (Photo: SCMP)
Xiaomi ရဲ့ PR မန်နေဂျာ ရှုကျိယန်နဲ့ အမှုဆောင် ပန်ဂျီယူတန်တို့ကလည်း ဈေးနည်းတဲ့ စမတ်ဖုန်း ထုတ်လုပ်ရတဲ့ ကုမ္ပဏီရဲ့မူဝါဒကို ကာကွယ်ခဲ့ပြီး Huawei လည်း တစ်ခါက တန်ဖိုးနည်းဖုန်းတွေနဲ့ နာမည်ကြီးခဲ့ကြောင်း ထောက်ပြခဲ့ပါတယ်။ လူမှုကွန်ရက်မှာ အငြင်းအခုံဖြစ်ပြီးနောက် ဒီဘလော့ဂါဟာ သူ့ရဲ့ ပို့စ်ကို ပယ်ဖျက်သွားခဲ့ပြီး Xiaomi နဲ့ နိုင်ငံ့အင်အားကို တိုးချဲ့ပေးနေတဲ့ တစ်ခြား ကုမ္ပဏီတွေကို ထောက်ခံကြောင်း စာတင်ခဲ့ပါတယ်။
အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုကြောင့် အကြပ်ရိုက်နေတဲ့ Huawei ဟာ တရုတ်ဖုန်းဈေးကွက်မှာတော့ ဝယ်လိုအား မြင့်တက်နေပြီး တတိယသုံးလပတ်အတွင်း ရောင်းအား ၆၆% မြင့်တက်လာတယ်လို့ ဆိုပါတယ်။ Xiaomi ကတော့ တရုတ်ဈေးကွက်မှာ ရေားအားကျနေပြီး ဥရောပမှာ ၇၃% အထိ ရောင်းအား ထိုးတက်လာနေတယ်လို့ ဆိုပါတယ်။