နေပြည်တော် ပုဂ္ဂလိကမူကြိုကျောင်းတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ကလေးငယ်တစ်ဦး လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ အကြမ်းဖက်ခံရမှုအတွက် ယာဉ်မောင်းဖြစ်သူ အောင်ကျော်မိုးကို ဒီနေ့ ဇူလိုင်လ ၄ ရက်နေ့က တရားစွဲတင်လိုက်ပြီလို့ သိရပါတယ်။
နေပြည်တော်မှာရှိတဲ့ ဒက္ခိဏခရိုင်တရားရုံးမှာ သတင်းမီဒီယာသမားတွေရဲ့ မေးမြန်းမှုကို ဒုတိယခရိုင်တရားသူကြီး ဦးညိုဌေးက ဖြေကြားမှုကို Mizzima သတင်းဌာနက တိုက်ရိုက် ထုတ်လွှင့်ဖော်ပြခဲ့တာဖြစ်ပါတယ်။ နေပြည်တော် သပြေကုန်းမှာရှိတဲ့ Wisdom Hill မူကြိုကျောင်းက သုံးနှစ်အရွယ်ကလေး ငယ်တစ်ဦး (ဗစ်တိုးရီးယား) မဖွယ်မရာ ပြုကျင့်ခံရတဲ့ အမှုနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်ခ်မှာ စွပ်စွဲပြောဆိုခံနေရ ကျောင်းကြီးကြပ်ရေးမှူးရဲ့ သားနှစ်ဦးကို စစ်ဆေးခဲ့စဉ်ကလည်း မျိုးရိုးဗီဇ (DNA) တူညီခြင်းမရှိခဲ့ပါဘူး။
ဒီအမှုမှာ ပထမဆုံး စွပ်စွဲခံရတဲ့ သံသယတရားခံ ဖြစ်သူ ကျောင်းကြီးကြပ်ရေးမှူးရဲ့ယာဉ်မောင်းကို မေလ ၃၀ ရက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့ပြီး တစ်လခန့်အကြာ ဇွန် လ ၂၄ ရက်မှာ ပြန်လွှတ်ပေးခဲ့ပေမယ့် အခုအခါမှာတော့ ကျူးလွန်သူဟာ ယာဉ်မောင်းအောင်ကျော်မိုး ဖြစ်တယ်ဆိုပြီး CID က တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။ ကျူးလွန်သူလို့ ယူဆရတဲ့ အောင်ကျော်မိုးကို ပုဒ်မ ၃၇၆ နဲ့ တရားစွဲဆိုထားပြီး တရားရုံမှာ ယနေ့ စွဲချက်တင်လိုက်ပါတယ်။ ဒီအမှုကို လာမယ့် ဇူလိုင်လ ၁၅ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးမယ်လို့ သိရပါတယ်။