သန္တာဗိုလ်က နေမကောင်းလို့ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ ဆေးရုံတက်နေရတဲ့ သန္တာဗိုလ်က အရင်လို အလုပ်လေးတွေလည်း ပြန်လုပ်ချင်နေပြီလို့ ဆိုပါတယ်။
Photo : ကောင်းပြည့်
မော်ဒယ် သရုပ်ဆောင် သန္တာဗိုလ်က နေမကောင်း ဖြစ်နေလို့ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ လက်ရှိမှာ သူမရဲ့ ကျန်းမာရေးအခြေအနေက သိပ်မစိုးရိမ်ရတော့ပေမယ့် ဆေးရုံကတော့မဆင်းရသေးပါဘူး။ အရင်လိုမျိုး အလုပ်လေးတွေလည်း ပြန်လုပ်ချင်နေပြီလို့ ဆိုပါတယ်။
“နေတော့ပြန်ကောင်းလာပါပြီ အရင်လိုအလုပ်လေးလုပ်လိုက် သူငယ်ချင်းတွေနဲ့ပျော်လိုက်နဲ့နေ့လေးကို အမြန်ဆုံးပြန်ရောက်ချင်ပါပြီ” လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ မေလ(၁၅) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။
Photo : ကောင်းပြည့်
မေလ(၁၆) ရက်နေ့မှာ ပြုလုပ်မယ့် ဒီဇိုင်နာ မင်းသက်စံရဲ့ Fashion Show ပွဲမှာလည်း Show လျှောက်နိုင်အောင် ကြိုးစားနေတယ်လို့ သူမက ပြောပါတယ်။
“၆ ရက်နေ့ Ko Min Thet Saen fashion show ကိုလဲလျှောက်နိုင်အောင်ကြိုးစားနေပါတယ် show မလျှောက်တာလဲကြာ အလုပ်မလုပ်တာလဲကြာပြီမို့?ပွဲမှာလဲလူစုံမှာလေ သူငယ်ချင်းတွေရောပေါ့?အခုတော့ဆေးရုံမှာပါပဲ....စိတ်ပူပြီး သတင်းမေးကျတဲ့ အသိမိတ်ဆွေ သူငယ်ချင်းအားလုံးကိုကျေးဇူးအထူးပါ” ဆိုပြီး ဆက်လက်ရေးသားထားပါတယ်။
Photo : ကောင်းပြည့်
ဆေးကုသမှု ခံယူနေရတဲ့ သန္တာဗိုလ်တော့ ချစ်သူ ကောင်းပြည့်က အနီးကပ် စောင့်ရှောက်နေတာလည်း တွေ့ရပါတယ်။ နေမကောင်းဖြစ်နေတဲ့ သူမကို အမြန်ဆုံး နေပြန်ကောင်းဖို့အတွက် ပရိသတ်တွေ ဆုတောင်းစကားတွေ ပြောပေးထားကြပါသေးတယ်။ သန္တာဗိုလ်ဟာ မော်ဒယ်အဖြစ်မှာအချိန်အတော်ကြာ ရပ်တည်နေနိုင်သူဖြစ်ပြီး ယခုနောက်ပိုင်းမှာ ဇာတ်ကားရိုက်ကူးမှုတွေ လုပ်လာတာလည်း တွေ့ရပါတယ်။
ချစ်သူကောင်းပြည့်နဲ့အတူ ဇာတ်ကားရိုက်ကူးမှုတွေ အတူတူပြုလုပ်လျက်ရှိတာ ဖြစ်ပါတယ်။ သရုပ်ဆောင်ဘက်မှာအောင်မြင် ဖို့ကြိုးစားနေတဲ့ သန္တာဗိုလ်ဟာ ဂီတဘက်မှာလည်း အောင်မြင်ဖို့ ကြိုးစားနေသူတစ်ဦးပါ။ သန္တာဗိုလ် ဟာ သူရဲ့ တစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ''နားလည် ပေးပါ..ကို'' တေးစီးရီးကို ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့ပါတယ်။
Photo : ကောင်းပြည့်
အဲ့ဒီနောက်မှာတော့ ဂီတ နဲ့ ပတ်သက်ပြီး ဖျော်ဖြေရေးတွေဆောင်ရွက်နေရတာကို တွေ့ရပါတယ်။ သန္တာဗိုလ်ဟာ သူ့ရဲ့ သီချင်းတွေကို အွန်လိုင်းမှာပဲ တင်ဖို့ ဆုံးဖြတ်လိုက် ပြီလို့ ဆိုပါတယ်။
ကောင်းပြည့်နဲ့ သန္တာဗိုလ် တို့ အနုပညာရှင်စုံတွဲဟာ ချစ်သူသက်တမ်း (၇) နှစ်ကျော် ကြာခဲ့ပါပြီ။ တစ်ယောက်နဲ့တစ်ယောက် ကလည်း ချစ်သူ သက်တမ်းကြာလာတာနဲ့ အမျှ နားလည်မှုတွေပိုရှိလာတယ်လို့ ဆိုပါတယ်။
သူတို့ စုံတွဲလေးဟာ ဗီဒီယိုဇာတ်ကားတွေမှာလည်း အတူတွဲပြီးသရုပ်ဆောင် နေရတာ ဖြစ်ပါတယ်။ သူတို့ချစ်သူနှစ်ဦးဟာ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဆိုတဲ့ စုံတွဲလေးပါ။ အားပေးကြတဲ့ ပရိသတ်တွေရှိသလို ဝေဖန်မှုတွေနဲ့ တိုက်ခိုက်ကြတဲ့ ပရိသတ်တွေလည်း ရှိခဲ့ပါတယ်။
Share