ဥရောပမြို့တစ်မြို့က ကမ္ဘာ့နေချင်စဖွယ်အကောင်းဆုံးအဖြစ် ပထမဆုံးအကြိမ် ထိပ်ဆုံးမှရပ်တည်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်အတွက် ပြုလုပ်ခဲ့တဲ့ လေ့လာမှုစစ်တမ်းအရ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့က သြစတြေးလျနိုင်ငံမှ မဲလ်ဘုန်းမြို့ကို ဖြတ်ကျော်ပြီး ကမ္ဘာ့နေချင်စဖွယ်အကောင်ဆုံးမြို့အဖြစ် ရပ်တည်ခဲ့ပါတယ်။

သြစတြီးယားနိုင်ငံ ဗီယင်နာမြို့ (Photo: aguettl/Pixabay)



Economist Intelligence Unit (EIU) က နှစ်စဉ်ပြုလုပ်တဲ့ လေ့လာမှုစစ်တမ်းရလဒ်မှာ ဥရောပမြို့တစ်မြို့က ကမ္ဘာ့နေချင်စဖွယ်အကောင်းဆုံးအဖြစ် ပထမဆုံးအကြိမ် ထိပ်ဆုံးမှရပ်တည်မှုလည်း ဖြစ်လာခဲ့ပါတယ်။

EIU က ကမ္ဘာ့မြို့ကြီး ၁၄၀ ကို နိုင်ငံရေး၊ လူမှုအသိုင်းအဝိုင်းတည်ငြိမ်မှု၊ ရာဇဝတ်မှုအခြေအနေ၊ ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အပါအဝင် ကဏ္ဍပေါင်းစုံကို နှိုင်းယှဉ်လေ့လာခဲ့ပြီး ယခုစစ်တမ်းရလဒ်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ (Photo: skeeze/Pixabay)



ယခုနှစ် လေ့လာမှုစစ်တမ်းအရ မန်ချက်စတာမြို့ဟာ ဥရောပမြို့များအနက် တိုးတက်မှုအရှိဆုံးဖြစ်ပြီး အဆင့် ၃၅ ကနေ ၁၆ ကို ရောက်ရှိလာခဲ့ပါတယ်။ မန်ချက်စတာမြို့ဟာ ကမ္ဘာ့နေချင်စဖွယ်အကောင်းဆုံးစာရင်းမှာ အဆင့်မြင့်တက်လာခြင်းက လုံခြုံရေးအခြေအနေ တိုးတက်လာမှုကြောင့်ဖြစ်တယ်လို့ EIU က ပြောပါတယ်။

EIU စစ်တမ်းမှာပါဝင်တဲ့ မြို့တွေရဲ့ထက်ဝက်နီးပါးဟာ ယခင်နှစ်ကထက် နေချင်စဖွယ်ကောင်းတဲ့ အဆင့်ရပ်တည်မှု တိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။ ယခုနှစ် ကမ္ဘာ့နေချင်စဖွယ်အကောင်းဆုံးမြို့စာရင်းရဲ့ ဒုတိယနေရာမှာ ရပ်တည်ခဲ့တဲ့ မဲလ်ဘုန်းမြို့ဟာ ယခင်က ခုနစ်နှစ်ကြာ ထိပ်ဆုံးနေရာမှာ ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ အိုဆာကာမြို့ (Photo: Pixabay)



သြစတြေးလျနိုင်ငံရဲ့ ဆစ်ဒနေမြို့နဲ့ အက်ဒလီမြို့တို့ဟာလည်း ယခုနှစ် ကမ္ဘာ့နေချင်စဖွယ်အကောင်ဆုံး ထိပ်ဆုံး ၁၀ မြို့မှာ စာရင်းဝင်ခဲ့ပါတယ်။ နေချင်စဖွယ်အကောင်းဆုံး ထိပ်ဆုံး ၁၀ မြို့စာရင်းမှာ အာရှမြို့တွေဖြစ်ကြတဲ့ ဂျပန်နိုင်ငံ အိုဆာကာမြို့နဲ့ တိုကျိုမြို့တို့လည်း ပါဝင်ခဲ့ပါတယ်။

နေချင်စဖွယ်အကောင်ဆုံးနဲ့ ဆန့်ကျင်ဘက် နေချင်စရာမကောင်းဆုံးမြို့များ စာရင်းမှာတော့ ပြည်တွင်းစစ်ဖြစ်နေတဲ့ ဆီးရီးယားနိုင်ငံ ဒမတ်စကက်မြို့က ထိပ်ဆုံးမှရပ်တည်ခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံ ဒမတ်စကက်မြို့ (Photo: Omar Sanadiki/Reuters)



ဒမတ်စကက်နောက်မှာ အာရှဒေသမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့နဲ့ အာဖရိကမှ နိုင်ဂျီးရီးယားနိုင်ငံ လာဂို့စ်မြို့တို့က အစဉ်လိုက်ရပ်တည်နေကြောင်း သိရပါတယ်။

EIU က ကမ္ဘာ့နေချင်စရာမကောင်းဆုံး မြို့များစာရင်း လေ့လာမှုစစ်တမ်းပြုလုပ်ရာမှာ ရာဇဝတ်မှု၊ လူထုအုံကြွမှု၊ အကြမ်းဖက်မှု သို့မဟုတ် စစ်ပွဲတို့က အဓိက အခြေခံအချက်များဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၈ မှာ နေရာချင်စဖွယ်အကောင်းဆုံးမြို့ ၁၀ မြို့

၁။ ဗီယင်နာ (သြစတြီးယား)

၂။ မဲလ်ဘုန်း (သြစတြေးလျ)

၃။ အိုဆာကာ (ဂျပန်)

၄။ ကယ်လ်ဂယ်ရီ (ကနေဒါ)

၅။ ဆစ်ဒနေ (သြစတြေးလျ)

၆။ ဗန်ကူးဗား (ကနေဒါ)

၇။ တိုကျို (ဂျပန်)

၈။ တိုရွန်တို (ကနေဒါ)

၉။ ကိုပင်ဟေဂင် (ဒိန်းမတ်)

၁၀။ အက်ဒလီ (သြစတြေးလျ)

၂၀၁၈ မှာ နေရာချင်စရာမကောင်းဆုံးမြို့ ၁၀ မြို့

၁။ ဒမတ်စကက် (ဆီးရီးယား)

၂။ ဒါကာ (ဘင်္ဂလားဒေ့ရှ်)

၃။ လာဂို့စ် (နိုင်ဂျီးရီးယား)

၄။ ကရာချိ (ပါကစ္စတန်)

၅။ ပို့မိုရက်စ်ဘီ (ပါပူးအာနယူးဂီနီ)

၆။ ဟာရာရီ (ဇင်ဘာဘွေ)

၇။ ထရီပိုလီ (လစ်ဗျား)

၈။ ဒူအာလာ (ကင်မရွန်း)

၉။ အယ်လ်ဂျီရီ (အယ်လ်ဂျီရီးယား)

၁၀။ ဒါကာ (ဆီနီဂေါ)

Share

Loading Next Article...
က္က