နေခြည်ဦးကတော့ သူမဆီ နေ့တိုင်း ပန်းတွေ ပို့ပေးနေတဲ့ သူက ဘယ်သူလဲဆိုတာ အရမ်းသိချင်နေပြီလို့ ဆိုပါတယ်။ နေ့တိုင်း ပန်းတွေပို့နေတာ တစ်လနီးပါးလောက် ရှိပြီလို့ သိရပါတယ်။
Photo : LJ John
ချစ်သူနဲ့ လမ်းခွဲလိုက်ကြောင်း ကြေညာပြီးနောက်ပိုင်းမှာ နေခြည်ဦးဆီကို ပန်းစည်းလေးတွေ နေ့တိုင်း ပို့ပေးနေတဲ့သူ ရှိခဲ့ပါတယ်။ နေခြည်ဦးကလည်း ပန်းစည်းလေးတွေ ရတိုင်း သူမရဲ့ My Day မှာ တင်လေ့ရှိပါတယ်။ သူမရဲ့ ပရိသတ်တွေကတော့ အဲဒီ ပန်းစည်းကို သူမရဲ့ ချစ်သူဟောင်းက လှမ်းပို့ပေးနေတာ ဖြစ်မယ်ဆိုပြီး မှတ်ချက်တွေ ပေးတာမျိုး ရှိနေခဲ့ပြီး သူမကိုယ်တိုင်ကလည်း ဒီပန်းစည်းလေးတွေကို ဘယ်သူပို့ပေးနေတာလည်း ဆိုတာ သိချင်နေပြီလို့ ပြောပါတယ်။
“နေ့တိုင်း ပန်းတွေရနေတာ ဘယ်သူပို့ပေးတာလဲဆိုပြီးတော့ သိချင်နေပါပြီ။ တစ်ခါတလေ ဒီပန်းပို့တာ ဘယ်တော့များ ရပ်သွားမလဲ ဆိုပြီး တွေးနေတတ်တာ။အခုထိတော့ ပို့ပေးတုန်းပါပဲ။ တစ်လလောက်ဆိုရင်တော့ မပို့ပေးတော့ဘူးလို့ထင်ပါတယ်။ Paris သွားရင်လည်း ပို့ပေးနော်၊ဝမ်းသာမှာပေ့ါ။ဟိုမှာရောက်နေလည်း ပို့ပေးလို့ရပါတယ်” ဆိုပြီး စက်တင်ဘာ(၂၀) ရက်နေ့က ပြောပြခဲ့ပါတယ်။
သူမဆီကို ပန်းလေးတွေ ပို့ပေးနေတာ ၂၅ရက်ကျော်ကျော်လောက် ရှိနေပြီလို့ ဆိုပါတယ်။ ဒီပန်းစည်းလေးတွေဟာ ဘယ်သူပဲ ပို့ပို့ ပို့ပေးတဲ့သူကို ကျေးဇူးတင်ပါတယ်လို့ သူမက ပြောပါတယ်။
“ရည်းစားဟောင်းတွေပို့ပေးတယ်ဆိုလည်း ကျေးဇူးတင်ပါတယ်။ ဘယ်သူပဲ ပို့ပို့ပါ။ ဘာလို့လည်း ဆိုတော့ နေခြည် Lonely ဖြစ်နေတာတဲ့ အချိန်လေးတွေမှာ ဒီပန်းစည်းလေးတွေနဲ့ အသက်ဆက်နေရတာ ဖြစ်လို့ ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်" ဆိုပြီး သူမရဲ့ ခံစားချက်လေးကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါသေးတယ်။
Photo : LJ John
နေခြည်ဦးဟာ မကြာခင်မှာ L’Oréal Paris နဲ့အတူ Paris Fashion Week ပွဲကြီးကို တက်ရောက်ဖို့အတွက် ဖိတ်ကြားခြင်း ခံရပါတယ်။ Paris Fashion Week ကို ဒုတိယအကြိမ် သွားရောက်ရမှာ ဖြစ်လို့ နေခြည်ဦးတစ်ယောက် အရမ်းကို ပျော်လို့နေပါတယ်။
“ဒီနှစ်ကိုတော့ အရင်နှစ်ကထက်ပိုပြီး သွားမယ့်နေရာတွေကော ကြည့်ခွင့်ရတဲ့ designer show တွေကော ပိုပြီးလဲများတဲ့အတွက် နေခြည်ကတော့ ကြိုတင်ပြင်ဆင်မှုတွေ အကောင်းဆုံးလုပ်ထားပါတယ်။ မနှစ်ထက်လည်း အများကြီး ပြင်ဆင်ထားတယ်။ အဲဒီအတွက်လည်း အရမ်းပျော်ပါတယ်” ဆိုပြီး သူမက ပြောထားပါသေးတယ်။
Photo : LJ John
နေခြည်ဦး(Nay Chi Oo)ကိုတော့ Beauty Blogger မလေးတစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာချိန်မှာ ‘’ရန်သူ’’ ၊ ‘’ဧည့်သည်’’၊ ‘’အောက်ဖဲမလှန်ကြေး’’ ရုပ်ရှင်ဇာတ်ကားအပြင် နောက်ထပ်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးထားပြီးဖြစ်ပါတယ်။ မကြာသေးခင်မှာတော့ မြန်မာလူမျိုး ဂျပန်အဆိုတော်တစ်ဦးဖြစ်တဲ့ မိုရီဆာကီဝင်းနဲ့ အတူ ‘’အိပ်မက်တွေမိုးထားတဲ့ အိမ်’’ ဆိုတဲ့ရုပ်ရှင်ကားကြီးကို ရိုက်ကူးတော့မယ်လို့ သိရပါတယ်။
Share