သူတို့ခဗျာ အခုဖြစ်နေတဲ့ COVID-19 က ဘာလဲဆိုတာတောင်သိမှာ မဟုတ်ကြဘူး။

ဆိုဖီယာဟာ သူကိုယ်တိုင် အလှူလုပ်ခဲ့တဲ့ နေရာလေးကလူတွေက ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး ဘာမှ မသိကြတော့ စိတ်မကောင်းဖြစ်ရတယ်လို့ဆိုပါတယ်။ 

Photo: Sofia



အဆိုတော် ဆိုဖီယာကတော့ COVID-19 ကူးစက်ရောဂါကြောင့် စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့တဲ့ အတွေ့အကြုံကို Duwun Media ရဲ့ ဖုန်းဖြင့်ဆက်သွယ်မေး မြန်းမှုမှာ ဖြေဆိုခဲ့တာပါ။ 

“ ညီမကတော့ လှိုင်သာယာမြို့ဘက်မှာ ရှိတဲ့ တံတားအောက်လိုနေရာက ရပ်ကွက်လေးထဲမှာ ဆန်ထုပ်တွေ လိုက်ဝေခဲ့ပါတယ်။ ညီမ သူတို့ကို တွေ့လိုက်တဲ့အချိန်မှာ ဒီရောဂါအတွက် ဘာမှကို စိုးရိမ်မှု မရှိကြသလိုပဲ။ သူတို့ဆီမှာ ဖုန်းလည်းမရှိ၊ TV လည်းမရှိ။ အိမ်ထဲမှာတောင် ခေါင်းအုံးတစ်လုံးနဲ့ စောင်တစ်ထည်ပဲ ရှိတဲ့သူတွေတောင် ရှိပါတယ်။ ပြီးတော့ ညီမဝေတဲ့ ဆန်တွေကို သူတို့တွေက လုယူနေရရင် ပျော်နေကြတာပဲရှိတယ်။ Mask တပ်ဖို့တွေတောင် သူတို့ သိရဲ့လား မပြောတတ်ဘူး” လို့ သူကဆိုပါတယ်။ 

Photo: Sofia

ဆိုဖီယာဟာ လှိုင်သာယာမြို့နယ်အတွင်းက ဆင်းရဲနွမ်းပါးသူတွေအတွက် ဆန်အိတ်ပေါင်း (၁၅၀) လှူခဲ့တယ်လို့ သိရပါတယ်။ အိမ်ထောင်စု (၁၅၀) စာ လှူခဲ့တာဖြစ်ပြီး ဆန်အိတ် တစ်ထုပ်ကို (၂ ) ပြည်ပါဝင်တယ်လို့ ဆိုပါတယ်။ သူမအနေနဲ့ နောက်ထပ် လိုအပ်မှုတွေ ရှိနေတဲ့ နေရာတွေမှာလည်း သွားရောက် လှူဒါန်းဖို့ ပြင်ဆင်နေတယ်လို့လည်း ပြောပြခဲ့ပါသေးတယ်။ ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပေါ်နေတဲ့ COVID-19 ရောဂါကြောင့် စားနပ်ရိက္ခာအတွက် အခက်အခဲ ဖြစ်နေသူတွေ အများကြီးပါပဲ။ ဒါကြောင့် အနုပညာရှင်များကလည်း စားနပ်ရိက္ခာတွေကို တစ်ဖက်တစ်လမ်းက တတ်နိုင်တဲ့ အင်အားနဲ့ လှူဒါန်းနေကြတာကိုလည်း တွေ့ရပါတယ်။ 

Photo: Sofia

လက်ရှိအခြေအနေမှာလည်း တာဝန်ရှိသူတွေအနေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်နေပေမယ့် ကိုယ်တိုင်ကလည်း ကျန်းမာရေးကို သေချာ ဂရုစိုက်မှသာ အဆင်ပြေနိုင်မယ်လို့ ဆိုဖီယာက ပြောပါတယ်။ ဒါကြောင့် COVID-19 ကာကွယ်ရေးနဲ့ ပတ်သက်ပြီး ကျန်းမာရေး ပညာပေးတဲ့သူတွေ ရှိရင် ပိုကောင်းမယ်လို့ ဆိုပါတယ်။ 

“ အခုချိန်မှာ ကျန်းမာရေးကို ပိုဂရုစိုက်ဖို့ကိုတော့ အကုန်လုံးက ပြောနေကြတာပါပဲ။ လူတစ်ဦးတစ်ယောက်က လျှောက်ပြောနေလို့လည်းမရဘူးလေ။ ဒါကြောင့် ရပ်ကွက်တွေမှာ တာဝန်ရှိတဲ့ သူတွေက ကားတွေနဲ့ လိုက်ပြောတာတွေ၊ မိုက်တွေ၊ လော်စပီကာတွေနဲ့ လိုက်အော်တာတွေ၊ တစ်အိမ်တက် တစ်အိမ်ဆင်း ကျန်းမာရေးပညာပေးတာတွေ ဆောင်ရွက်သင့်တယ်လို့တော့ ညီမ မြင်မိတယ်။ ဒါပေမယ့် ပညာပေးမယ့် သူတွေရှိလည်း လိုက်နာချင်မှ လိုက်နာမယ့်ပုံစံမျိုး တွေ့ရတယ်။ ကလေးတွေကအစ လူကြီးတွေ အထိ စိတ်ဝင်စားပုံမရဘူး။ ဒါကို သူတို့ အပြစ်လို့ ဆိုလည်းမရဘူး။မြန်မာနိုင်ငံက အကုန်လုံး ပြည့်စုံနေတာလည်း မဟုတ်ဘူးလေ။ ဒါပေမယ့် COVID-19 က အများကြီး ထပ်ပြန့်လာဦးမယ်ဆိုရင်တော့ သူတို့အတွက် တကယ်ကို စိုးရိမ်မိပါတယ်” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။ 

Photo: Sofia

ဆိုဖီယာက Myanmar Idol Season 2 သီချင်းဆိုပြိုင်ပွဲကြီး ပြီးတဲ့နောက်Crush On You ဆိုတဲ့ တစ်ကိုယ်တော်တေးသီချင်းထွက်ရှိခဲ့ပါတယ်။ အဲ့ဒီနောက် သူ့အနေနဲ့အွန်လိုင်းကနေပဲ သီချင်းအသစ်တွေ ဖန်တီးပေးနေတာဖြစ်ပါတယ်။ ဆိုဖီယာဟာ ဂီတဘက်မှာအောင်မြင်နေရုံသာ မက သရုပ်ဆောင်အဖြစ်နဲ့လည်း ဇာတ်ကားတွေရိုက်ကူးထားတယ်လို့ သိရပါတယ်။ မကြာသေးခင်ကလည်း “ The Guest’’ ဆိုတဲ့ MTV လေးအသစ်တစ်ခု ထွက်ရှိထားပါသေးတယ်။ ဒီထဲမှာတော့ ဆိုဖီယာနဲ့ အတူ နင်ဇီမေက တွဲဖက်သီဆိုထားတာပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က