မန်ချက်စတာယူနိုက်တက်အသင်းရဲ့ယာယီနည်းပြ အိုလီဂန်းနားဆိုးလ်ရှားဟာ ပေါ့ဂ်ဘာကို အလယ်ဗဟိုထားကာ အသင်းကိုတည်ဆောက်လိုကြောင်း ပြောကြားပြီး အသင်းမှာ ဆက်လက်ရှိနေအောင် ဆွဲဆောင်ခဲ့တယ်လို့ သိရပါတယ်။
ပေါ့ဂ်ဘာဟာ နည်းပြဟောင်း မော်ရင်ဟိုနဲ့ ဆိုးရွားတဲ့ဆက်ဆံရေးရှိခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ဒီဇင်ဘာလမှာ နည်းပြမော်ရင်ဟို ရာထူးကနေ ထုတ်ပယ်မခံရမီအချိန်အထိ မကြာခဏ အချင်းများခဲ့ကြတာဖြစ်ပါတယ်။ ယာယီနည်းပြ ဆိုးလ်ရှားဟာ ပေါ့ဂ်ဘာကို ပြန်လည်အသက်သွင်းပေးခဲ့ပြီးနောက် ၉ ပွဲကစားပြီး ၆ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
The Sun ရဲ့သတင်းအရ ပေါ့ဂ်ဘာဟာ နည်းပြမော်ရင်ဟိုနဲ့ အဆင်မပြေဖြစ်နေတာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အငှားနဲ့ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာလိုခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ့ဂ်ဘာဟာ အိုးထရက်ဖို့ဒ်ကို ၂၀၁၆ ခုနှစ်မှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ဂျူဗင်တပ်အသင်းကနေ ပြန်လည်ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။
ပေါ့ဂ်ဘာဟာ အခြားမန်ချက်စတာယူနိုက်တက်ကစားသမားတွေနည်းတူ ဆိုးလ်ရှား စတင်တာဝန်ယူကိုင်တွယ်တဲ့အချိန်ကတည်းက စိတ်အပြောင်းအလဲဖြစ်ခဲ့သူဖြစ်ပါတယ်။ ဆိုးလ်ရှားက ပေါ့ဂ်ဘာကို အသင်းရဲ့ဗဟိုဆုံချက်ဖြစ်လာလိမ့်မယ်လို့ အသိပေးခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ ဆက်လက်ရှိနေအောင် စည်းရုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့လက ဆိုးလ်ရှားက ပေါ့ဂ်ဘာဟာ အသင်းခေါင်းဆောင်အရည်အသွေးမျိုးရှိကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
“သူက ထူးခြားတဲ့ဝိသေသရှိပါတယ်။ လူတွေအပေါ်မှာ သူ လွှမ်းမိုးနိုင်တယ်။ ဂရုစိုက်တတ်ပြီး တကယ့်ကို အောင်မြင်ချင်တဲ့လူတစ်ယောက်ပါ”
“သူ့ကို အရင်ကတည်းက သိပါတယ်။ သူ့ဘာသာ ပျော်ရွှင်နေရင် အသင်းအတွက် ကောင်းမွန်တဲ့အရာတွေကို သူ ယူဆောင်ပေးပါတယ်”
“သူ့ဘာသာ သူလုပ်လို့မရဘူးဆိုတာလည်း သူ သိပါတယ်။ ဒါက အသင်းအဖွဲ့နဲ့ကစားရတဲ့ပြိုင်ပွဲဆိုတာ သူ သိပါတယ်။ ဒါပေမယ့် ခင်ဗျား လူတစ်ယောက်ရဲ့ကိုယ်ရည်ကိုယ်သွေးကို မြင်နိုင်ပါတယ်။ ပြင်သစ်အသင်းနဲ့ ကမ္ဘာ့ဖလားရရှိခဲ့တာ သူ့အတွက် ဘယ်လောက်အဓိပ္ပာယ်ရှိစေလဲဆိုတာ ခင်ဗျား မြင်မှာပါ။ ကျွန်တော့်အတွက်ကတော့ ဟုတ်ပါတယ်။ သူက အသင်းခေါင်းဆောင်အရည်အသွေးရှိတဲ့သူပါ”လို့ ပြောကြားခဲ့ပါတယ်။