ပေါ့ဂ်ဘာလိုချင်တဲ့ လွတ်လပ်မှုကို ဆိုးလ်ရှားက ပေးခဲ့လို့ တိုးတက်လာခဲ့တာလို့ ယုံကြည်နေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး မာရှယ်က ပေါ့ဂ်ဘာဟာ ယာယီနည်းပြ ဆိုးလ်ရှားရဲ့ လွတ်လပ်မှု ပိုမိုပေးအပ်ခံရမှုကြောင့် အိုးထရက်ဖို့ဒ်မှာ လျင်မြန်စွာနဲ့ တိုးတက်နေတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ပေါ့ဂ်ဘာဟာ မော်ရင်ဟိုထွက်ခွာတဲ့အချိန်ကစပြီး ၉ ပွဲကစားထားရာမှာ သွင်းဂိုး ၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ်ပြုလုပ်ထားနိုင်သူဖြစ်ပါတယ်။ အိုးထရက်ဖို့ဒ်မှာ မော်ရင်ဟို ရှိခဲ့စဉ်အချိန်တုန်းက ပေါ့ဂ်ဘာဟာ အကောင်းဆုံးပုံစံရှာတွေ့ဖို့ ရုန်းကန်ခဲ့ရပြီး အဓိကပွဲစဉ်အများအပြားမှာ ချန်လှပ်ခံခဲ့ရသူဖြစ်ပါတယ်။

ဒါပေမယ့် ပေါ့ဂ်ဘာဟာ လက်ရှိအချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းကွင်းလယ် ၃ ဦးထဲမှာ အဓိကအစိတ်အပိုင်းအဖြစ် ပါဝင်နေပြီဖြစ်ပြီး မာရှယ်က ပေါ့ဂ်ဘာရဲ့တိုးတက်လာမှုအတွက် ယာယီနည်းပြ ဆိုးလ်ရှားကို ချီးကျူးခဲ့တာဖြစ်ပါတယ်။

“ပေါ့ဂ်ဘာပိုင်ဆိုင်ထားတဲ့အရည်အသွေးတွေကို ကျွန်တော်တို့ အားလုံးသိကြတာပဲ။ ပေါလ်ကတော့ ပေါလ်ပါပဲ”

“အခု အဲဒီအရည်အသွေးတွေနဲ့ ကစားနိုင်ဖို့ လွတ်လပ်မှုကို သူ ရရှိခဲ့ပါပြီ။ ကျွန်တော်တို့ဟာ ပေါ့ဂ်ဘာအစစ်ကစားတာကို မြင်ရတာ ခုမှ အစပဲရှိသေးတယ်လို့ ထင်ပါတယ်။ ရှေ့ဆက်ပြီး ဒီထက်ပိုတာတွေ မြင်ရဖို့ မျှော်လင့်ရအောင်”

“သူက ခေါင်းဆောင်တစ်ယောက်ပါ။ ကွင်းထဲမှာ သူ ကောင်းမွန်လာအောင် လုပ်ခဲ့တာထက် အဝတ်လဲခန်းထဲမှာ သူက စကားပိုပြောတယ်။ နည်းစနစ်ပိုင်းဆိုင်ရာနဲ့ ပြောစကားတွေနဲ့ပါ သူက ၂ ခုစလုံးမှာ ခေါင်းဆောင်အမြင်ရှိတယ်။ ကျွန်တော်တို့ကို ကောင်းမွန်တဲ့အရာတွေဆီကို သူ ဆက်ပြီး ဦးဆောင်သွားနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”

“ဆိုးလ်ရှားဟာ ကြီးမားတဲ့တန်ဖိုးရှိတဲ့ နည်းပြတစ်ဦးပါ။ သူက ကစားသမားတစ်ယောက်ရဲ့အကောင်းဆုံးပုံစံကို ဘယ်လိုရအောင် လုပ်ရမလဲဆိုတာ သိတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ကွင်းထဲကို သွားတဲ့အခါကျရင် အားလုံးကို ရှင်းလင်းအောင် လုပ်ပေးပါတယ်။ ကျွန်တော်တို့အားလုံး ကိုယ့်အလုပ်ကို သိကြပြီး ဘာလုပ်ရမယ်ဆိုတာ အားလုံးက သိကြပါတယ်”လို့ Sky Sports ကို ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က