ရုပ်ရှင်ထုတ်လုပ်သူ ကိုဝေမင်းမောင်က ပေါကား၊ ဂျင်းကားလို့ သတ်မှတ်လို့ရတဲ့ ဟာသကားနဲ့ ပေါကား၊ ဂျင်းကားမဟုတ်တဲ့ ဟာသဇာတ်ကားတွေ အကြောင်းကို ပြောပြလာပါတယ်။
Photo: ဝေမင်းမောင်
7 Sense Film Production ရဲ့ ထုတ်လုပ်သူ ကိုဝေမင်းမောင်က ဒီနေ့ခေတ် ပရိသတ်တွေပြောပြောနေကြတဲ့ ပေါကား၊ ဂျင်းကား ဆိုတဲ့ ဇာတ်ကားအကြောင်းတွေကို အခုလိုပြောပြခဲ့ပါတယ်။ ဒီလိုဝေဖန်မှုတွေ ရှိလာလို့လည်း ပြင်သင့်တာကို ပြင်ရမယ်လို့ မီဒီယာတွေကနေတဆင့်ပြောပြလာပါတယ်။
‘’ မြန်မာပရိသတ်တွေက သုံးနှုန်းတဲ့ အရာလေးတွေရှိတယ်။ သူတို့ အားမလို၊ အားမရဖြစ်တဲ့ကားတွေ၊ ဟာသကားတွေ၊ သေသေချာချာမရိုက်ထားတဲ့ ဇာတ်ကားတွေဆိုရင် ပေါကားတွေ၊ ဂျင်းကားတွေလို့ သတ်မှတ်တယ်။ ဒီလိုပြောကြတဲ့ ပရိသတ်တွေရဲ့ ခံစားချက်ကို ကျွန်တော် ကြိုဆိုပါတယ်။ အဲဒီလို ဖြစ်မှ သာလျှင်ပြင်ရမယ်လေ”လို့ သူကဆိုပါတယ်။
Photo: ဝေမင်းမောင်
အဲဒီနောက် သူကိုယ်တိုင်ကလည်း ဟာသဇာတ်ကားတစ်ကားအပေါ် ခံယူထားတဲ့ အကြောင်းအရာကို ပြောပြခဲ့ပါသေးတယ်။
‘’ ကျွန်တော့်အမြင်ကတော့ ဟာသကားပေမယ့်လည်း တစ်ခါတလေကျရင် ရယ်ရတိုင်း ပေါကားမဟုတ်ပါဘူးလို့ ကျွန်တော်သတ်မှတ်တယ်။ ရိုက်ထားတဲ့ ဇာတ်အိမ်လေးတွေ၊ Location လေးတွေ သေသေချာချာရိုက်ထားတယ်ဆိုရင် ဟာသကားလို့ပဲ သုံးနှုန်းစေချင်တယ်’’ လို့ ကျားကျားကြိုက်ကြိုက် ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။
Photo: ဝေမင်းမောင်
ကိုဝေမင်းမောင်ရဲ့ 7 Sense Film Production က ၂၀၁၉ ခုနှစ်မှာ နေတိုးနဲ့ အိန္ဒြာကျော်ဇင်တို့ကို အတူတွဲပြီး ရုပ်ရှင်ကားကြီးတစ်ကားရိုက်ကူးဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။
‘’ ၃ လပိုင်းမှာ ဒါရိုက်တာ ဝင်းလွင်ထက်နဲ့ Box Number 88 ဆိုတဲ့ ဇာတ်ကားကို ရိုက်မယ်။ အဲဒီဇာတ်ကားမှာလည်း အနုပညာအရည်အသွေးကောင်းတယ် ဆိုတဲ့ လူငယ်တွေပေါင်းထားတယ်။ ဒီဇာတ်ကားမှာ ကိုနေတိုးနဲ့ မအူဝဲလည်း ပါမယ်။ တကယ်ကို မိသားစုဇာတ်ကားလေး တစ်ကားပါ’’ လို့ ဆက်လက်ပြောပြထားပါတယ်။
Photo: ဝေမင်းမောင်
ကိုဝေမင်းမောင် ရဲ့ 7 Sense Film Production က ပြည်တွင်း၊ ပြည်ပ အနုပညာရှင်တွေနဲ့ အတူ ရုပ်ရှင်ဇာတ်ကားကောင်းတွေ ဖန်တီးနေတဲ့ ထုတ်လုပ်ရေးတစ်ခုဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် နဲ့ ၂၀၂၀ ခုနှစ်မှာတော့ အကယ်ဒမီ နေတိုးနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးဖို့အတွက် စာချုပ် ချုပ်ထားတယ်လို့လည်း သိရပါတယ်။