နှစ်ပေါင်း ရာကျော် သက်တမ်းရှိနေတဲ့ ဓလေ့ ပွဲတော်ဖြစ်ပါတယ်။

မန္တလေးမြို့မှာ တစ်နှစ်မှ တစ်ခါသာ ကျင်းပတဲ့ ချစ်စရာဓလေ့ သီးသီးထုပွဲတော်ဟာ အသီးရရှိမှု အခက်အခဲ၊ လူစိတ်ဝင်စားမှု လျော့နည်းလာတာကြောင့် တိမ်မြှုပ် ပျောက်ကွယ်သွားတော့မယ့် အခြေအနေဖြစ်နေတယ်လို့သိရပါတယ်။

မန္တလေးမြို့ မလွန်ဈေးဆန်လှူတော် အသင်းကြီးရဲ့ တရားပွဲဈေးတန်းမှာ ကျင်းပတဲ့ သီးသီးထုပွဲဟာ အခု ၂၀၁၉ ခုနှစ်မှာဆိုရင် နှစ်ပေါင်းရာကျော် သက်တမ်းရှိနေပြီလည်းဖြစ်ပါတယ်။

တော်သလင်းလရောက်တိုင်း ကျင်းပလေ့ရှိပြီး အခုစက်တင်ဘာ ၂ ရက်နေ့က စက်တင်ဘာ ၁၃ ရက် (တော်သလင်းလပြည့်နေ့) အထိ ကျင်းပမယ်လို့ သိရပါတယ်။

သီးသီထုပွဲက လောင်းကစားနည်းမျိုးမဟုတ်ဘဲ ဒေသအလိုက်ဖြစ်ပေါ်လာတဲ့ကစားနည်းတစ်မျိုးဖြစ်ပြီး ဘယ်ခေတ်ကာလက စတင်ခဲ့တာကို သေချာမသိကြပေမယ့် နှစ်စဉ်ကစားကြသူတွေက တမြတ်တနိုးနဲ့ ကစားနေကြတုန်းပဲ ဖြစ်ပါတယ်။

“ ကျွန်တော်တို့ သီးသီးကို နှစ်တိုင်းကစားပါတယ်။ ခေါင်းပန်းလှန်တယ်။ သီးသီးရိုက်တယ်။ နိုင်တဲ့သူက ယူသွားတယ်။ ရှုံးတဲ့သူက ချန်ထားတယ်။ သီးသီးတွေကို ကြပ်စေ့ မတ်စေ့နဲ့ ဝယ်ရတဲ့ခေတ်ကတည်းက ဆော့လာခဲ့တာပါ။ “ လို့ ဒေသခံ ကိုအောင်မင်းစိုးက ပြောပါတယ်။

သီးသီးထုပွဲဆိုတာဟာ လူနှစ်ယောက် သီးသီး တစ်ယောက်တစ်လုံးစီကိုင်ကာ တစ်ယောက်တစ်ကြိမ် အလှည့်နဲ့ ထုရတဲ့ကစားနည်းတစ်ခုဖြစ်ပြီး ဘယ်သူကပဲထုထု အသီးကွဲအက်သွားသူက အရှုံးပေးရတဲ့ကစားနည်းဖြစ်ပါတယ်။

ရှုံးတဲ့သူက သီးသီးဖိုးကို ဆိုင်ရှင်ကိုပေးရပြီး အနိုင်ရတဲ့သူ သီးသီးကို ရရှိတာဖြစ်ကာ တစ်ချို့ကလည်း အဆိုပါ ကစားနည်းကို အပျော်သဘောလောင်းကြေးနဲ့ ကစားကြတယ်လို့ သိရပါတယ်။

၂၀၀၆ ခုနှစ်လောက်စတင်ကာ တစ်သည်ပဲ ရှိတော့တဲ့ သီးသီးသည်ကြောင့် လုံးဝတိမ်ကော ပျောက်ကွယ်သွားမယ့် အခြေအနေကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး အဆိုပါ ဒေသဓလေ့ပွဲတော်လေးကို ပျောက်ကွယ်မသွားစေချင်ဘူးလို့ မန္တလေးမြို့ရဲ့ ဒေသဓလေ့ပွဲတော်တွေကို ချစ်မြတ်နိုးသူတွေက ဆိုပါတယ်။

“ ဒီပွဲတော်က မန္တလေးမြို့ မလွန်ဆန်လှူအသင်း ပွဲမှာပဲ ရှိတာပါ။ ဒီသီးသီးပွဲလေးကို ဘုရားပွဲတော်ကြီးမှာ ထည့်ချင်ပါတယ်။ အဲဒါမှ နောက်ရှေ့ဆက်ပြီးတော့ ဒီပွဲတော်လေးက ဆက်ရှိနေမှာပါ” လို့ မန္တလေးမြို့ဒေသခံ ကိုထက်ဝေယံက ပြောပါတယ်။

သီးသီးပင်တွေကို နေရာမလွတ်လို့ ခုတ်ပြီးရောင်းတာတွေကြောင့် သီးသီးတွေ ရှားပါးလာရတဲ့ အကြောင်းရင်းတစ်ခုဖြစ်နေပြီး ချစ်စရာဒေသဓလေ့တွေကို တန်ဖိုးမထားတတ်သူတွေကြောင့်လည်း တစ်စစပျောက်ကွယ်သွားရတော့မယ့်အခြေအနေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြတာတွေ ရှိပါတယ်။

“ သီးသီးပင်တွေကို နေရာမလွတ်လို့ ခုတ်လှဲတာတွေရှိတယ်။ ခုတ်ပြီးရောင်းစားတာတွေလဲ ရှိတယ်။

သီးသီးပင်က အပင်ကို တော်တော်ပျိုးယူမှ သီးတာ ။ အပင်ကြီးတွေ ခုတ်တော့သီးသီးပင်တွေ မရှိတော့တာပေါ့။ ဒီသီးသီးပွဲလေးကိုလည်း အများပြည်သူ လာစေချင်တယ်” လို့ သီးသည်ရောင်းလာတာ နှစ်ပေါင်း ၃၀ ကျော်ရှိနေပြီးဖြစ်တဲ့သီးသီးသည် ဒေါ်ချိုချိုဦးက ဆိုပါတယ်။

သီးသီးတစ်လုံးရဲ့ လက်ရှိပေါက်ဈေးက ငွေကျပ် နှစ်ရာဝန်းကျင်ရှိပြီး ပွဲတော်ကာလရက်တွေမှာ သီးသီးအလုံးရေ ငါးရာဝန်းကျင်လောက် ရောင်းချရတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က