စပါးအသင်းနည်းပြ ပေါ့ချက်တီနိုဟာ အသင်းဥက္ကဌ ဒန်နီရယ်လီဗိုင်းနဲ့ တွေ့ဆုံစဉ်မှာ ပရီးမီးလိဂ်ဖလားကို အလွန်လိုချင်နေကြောင်း ပြောကြားခဲ့ပြီးနောက် စပါးအသင်းဟာ ယခုရာသီကုန်မှာ ပေါ့ချက်တီနိုထွက်ခွာသွားမှာကို ထိတ်လန့်နေတယ်လို့ သိရပါတယ်။
ပေါ့ချက်တီနိုဟာ ပါရမီအရှိဆုံးနည်းပြတွေထဲတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ရီးရဲမက်ဒရစ်အသင်းတို့က နည်းပြအဖြစ် ခန့်အပ်ဖို့ ထိပ်တန်းပစ်မှတ်အနေနဲ့ စောင့်ကြည့်နေတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြမော်ရင်ဟိုကို ထုတ်ပယ်ခဲ့ပြီးနောက် ယခုရာသီကုန်မှာ ပေါ့ချက်တီနိုကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ နံပါတ်တစ်ဦးစားပေးအဖြစ် သတ်မှတ်ထားပြီး ယာယီနည်းပြဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့ကလည်း နီးစပ်နေတာဖြစ်ပါတယ်။
ရီးရဲမက်ဒရစ်အသင်းဟာ ဘာစီလိုနာအသင်းနဲ့ ၉ မှတ်အကွာ လာလီဂါအမှတ်ပေးဇယား တတိယနေရာမှာသာ ရပ်တည်နေတာဖြစ်ပြီး လော့ပတယ်ဂီရဲ့နေရာမှာ အစားထိုးခန့်အပ်ထားတဲ့ နည်းပြဆိုလာရီကလည်း ရလဒ်ကောင်းတွေ ရရှိအောင် မစွမ်းဆောင်နိုင်သေးဘဲ ယမန်နေ့က ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကိုပါဒယ်ရေးဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာ ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။
The Sun ရဲ့ ဖော်ပြချက်အရ ပေါ့ချက်တီနိုဟာ တော့တင်ဟမ်ဟော့စပါးအသင်းဥက္ကဌ လီဗိုင်းနဲ့ တွေ့ဆုံချိန်မှာ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်ချင်တဲ့ ပြင်းပြတဲ့ရည်မှန်းချက်အကြောင်းကို ပြောကြားခဲ့တယ်လို့ သိရပြီး စပါးအသင်းဟာ ပေါ့ချက်တီနို အသင်းကနေ ထွက်ခွာမှာကို ထိတ်လန့်နေပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပေါ့ချက်တီနိုက စပါးအသင်းရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာပြဿနာကို ဖြေရှင်းဖို့ ဆယ်စုနှစ်တစ်ခုလောက် လုပ်ဆောင်ရမှာဖြစ်တယ်လို့ ညည်းတွားခဲ့ပါတယ်။