ဧပြီလ ၈ ရက်စပြီး ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ် မောင်းနှင်မယ့် အဝေးပြေးယာဉ်တွေနဲ့ လိုက်ထရပ်ယာဉ်တွေကို သတ်မှတ်ချက်နဲ့ မကိုက်ညီရင် စစ်ဆေးပညာပေး အရေးယူဆောင်ရွက်သွားမယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ရုံးက နေသိရပါတယ်။
Photo- အမြန်လမ်းမကြီးရဲတပ်ဖွဲ့
အမြန်လမ်းမကြီးရဲတပ်ဖွဲ့၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး နေပြည်တော်(၂၀၁) မိုင် Toll Gate မှာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် သတ်မှတ်ချက်မကိုက်ညီတဲ့ ယာဉ်များကို စစ်ဆေးပညာပေး အရေးယူဆောင်ရွက်သွားမယ်လို့ ကြေညာထားပါတယ်။
ခရီးသည်တင် Express ယာဉ်တွေ၊ မီနီဘတ်စ်ယာဉ်တွေ၊ ဘုရားဖူးယာဉ်တွေ၊ Telematic စနစ်တပ်ဆင်ထားတဲ့ ယာဉ်တွေနဲ့ လိုက်ထရပ်ယာဉ်တွေကို သတ်မှတ်ချက်တွေနဲ့ မပြည့်စုံရင် ဖြတ်သန်းမောင်းနှင်ခွင့်မပြုတော့ဘူးလို့ သိရပါတယ်။
Photo- အမြန်လမ်းမကြီးရဲတပ်ဖွဲ့
ယာဉ်အစိတ်အပိုင်းကိုယ်ထည်၊ တာယာတွေ ကြံ့ခိုင်မှု၊ ခရီးသည်အရေအတွက်နဲ့ ကုန်တင်ဆောင်မှု ညီမျှမှု၊ ယာဉ်မောင်းများ အရက်သေစာမသောက်စားမှု၊ အဝေးပြေးယာဉ်တွေမှာ ပါရှိရမယ့် စနစ်တွေနဲ့ ကိုက်ညီမှု စတဲ့အချက်တွေနဲ့ ပြည့်စုံရမှာ ဖြစ်ပါတယ်။
လက်ရှိမှာ အမြန်လမ်းမကြီးရဲတပ်ဖွဲ့နဲ့ ပုဂ္ဂလိကကုမ္ပဏီတို့ ပူးပေါင်းပြီး သင်္ကြန်ကာလအတွင်း ခရီးသွားကြမယ့် ပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အမြန်လမ်းပေါ်မောင်းနှင်ကြမယ့် ယာဉ်တွေ ကြံခိုင်မှုတွေကို အခမဲ့စစ်ဆေးပေးမှုတွေ ပြုလုပ်ပေးနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး တစ်လျှောက်မှာ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ဦးရေ ၁၀၀ ကျော်ရှိခဲ့ပြီး အမှုပေါင်း ၄၇၃ မှု ဖြစ်ပွားခဲ့တယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ယာဉ်တွေ အရှိန်လွန်မောင်းနှင်တာကြောင့် မတော်တဆမှု အများဆုံးဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၉၀၀ နီးပါးရှိခဲ့ပါတယ်။