ဧပြီလ ၂၈ ရက်ကနေ ဧပြီလ ၃၀ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်ပြီး ပထမဆုံးမုန်တိုင်းငယ်အဖြစ် မြန်မာနိုင်ငံထဲ ဝင်ရောက်မယ်လို့ ခန့်မှန်းထားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုချိုရှိန်က Duwun ကိုပြောပါတယ်။
“ ဧပြီလ ၂၈ ရက်ကနေပြီး ၃၀ ကြားထဲမှာ မုန်တိုင်းဖြစ်မယ်လို့ ခန့်မှန်းထားတယ်။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း လေဖိအားနည်းရပ်ဝန်းဖြစ်မယ်။ အားကောင်းလာပြီး မုန်တိုင်းဖြစ်ပေါ်နိုင်တဲ့အနေအထားပါ။ ပထမဆုံးမုန်တိုင်းငယ်အဖြစ် မြန်မာနိုင်ငံထဲကို ဝင်မယ်လို့ ခန့်မှန်းထားပါတယ်။” လို့ ဒေါ်ခင်ချိုချိုရှိန်က ဆိုပါတယ်။
ဒါ့အပြင် ဒီနေ့ဧပြီလ ၂၆ ရက် မွန်းလွဲပိုင်းက စပြီး ရန်ကုန်၊မန္တလေးနဲ့ နေပြည်တော်အပါအဝင် မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ မိုးထစ်ချုပ်ရွာနိုင်ပြီး မိုးသီးကြွေတာ၊ လေပြင်းတိုက်ခတ်တာတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။
“ ကျွန်မတို့ ဒီ မိုးကြိုကာလအချိန်မှာ အပူချိန်တွေမြင့်တက်ပြီး မိုးထစ်ချုန်းရွာတယ်။ မိုးသီးကြွေးတာမျိုးဖြစ်ပါတယ်။ အချိန်အခါမဟုတ် မိုးရွာမယ်ဆိုတဲ့ သတိပေးချက်လည်း ထုတ်ပြန်ထားပါတယ်။” ဒေါ်ခင်ချိုချိုရှိန်က ဆိုပါတယ်။
ဒီကနေ့ ဧပြီလ ၂၆ ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးအနှံ့မိုးရွာမယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
မိုးရွာသွန်းမှု အခြေအနေတွေကတော့ ရန်ကုန်တိုင်း၊ မန္တလေး၊ နေပြည်တော်၊မြစ်ကြီးနား၊ မုံရွာ၊ မကွေး၊ စစ်တွေ၊ ပဲခူး၊ ပုသိမ်၊လွိုင်ကော်၊ ဘားအံ၊ မော်လမြိုင်နဲ့ ထားဝတယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး လားရှိုး၊ ကျိုင်းတုံ၊ တောင်ကြီး၊ ဟားခါး၊ဟုမ္မလင်းတို့မှာတော့ မိုးတစ်ကြိမ်၊နှစ်ကြိမ် ထစ်ချုန်းရွာနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။
လက်ရှိတော့ ရန်ကုန်မြို့ရဲ့ နေရာတော်တော်များများမှာ ဒီနေ့ညနေ ၄ နာရီအချိန်လောက်က မိုးခြိမ်းတာတွေ၊ လေပြင်းတိုက်ခတ်တာတွေ ၊ လျှပ်စီးလက်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ နောက် နှစ်ရက်အတွင်းမှာလည်း တစ်နိုင်ငံလုံးမှ နေရာကျဲကျဲကနေ နေရာစိပ်စပ် မိုးဆက်လက်ရွာဦးမှာဖြစ်တယ်လို့ မိုးဇလရဲ့ ခန့်မှန်းချက်အရသိရပါတယ်။