၂၀၀၃ ကနေ ၂၀၀၉ ခုနှစ်အထိ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ရော်နယ်ဒိုဟာ ဘလွန်းဒီအောဆုရရှိခဲ့တဲ့အထိ အောင်မြင်ခဲ့သူလည်းဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းရော်နယ်ဒိုဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတောင်ပံကစားသမားအဖြစ် ပရိသတ်တွေရဲ့ ရွေးချယ်ခြင်းကို ခံခဲ့ရတယ်လို့ သိရပါတယ်။ ၂၀၀၃ ကနေ ၂၀၀၉ ခုနှစ်အထိ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ရော်နယ်ဒိုဟာ ဘလွန်းဒီအောဆုရရှိခဲ့တဲ့အထိ အောင်မြင်ခဲ့သူလည်းဖြစ်ပါတယ်။
၂၀၀၇-၀၈ ဘောလုံးရာသီမှာ ရော်နယ်ဒိုက ယူနိုက်တက်အတွက် ပရီးမီးယားလိဂ် ၃၄ ပွဲကစားပေးခဲ့ပြီး ၃၁ဂိုးအထိသွင်းယူခဲ့ကာ ၇ ကြိမ်ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ကစားသမားဟာ ယူနိုက်တက်အတွက် ၂၉၂ ပွဲအထိ ကစားခဲ့ပြီး ၁၁၈ ဂိုးသွင်းယူခဲ့ကာ အောင်မြင်မှုအများအပြားလည်းရရှိခဲ့ပါတယ်။
Football Tweet ရဲ့ တရားဝင်တွစ်တာအကောင့်ကတဆင့် ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးတောင်ပံကစားသမားတွေကို ဆန္ဒမဲပေးရွေးချယ်စေခဲ့ရာမှာ ရော်နယ်ဒိုက အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်ဂန္ထဝင်ရွိုင်ယန်ဂစ် နဲ့ ဒေးဗစ်ဘက်ခမ်း၊ ချယ်လ်ဆီးက အီဒင်ဟာဇက်တို့နဲ့ ပြိုင်ဆိုင်ခဲ့ရပြီး စုစုပေါင်းမဲပေးမှုရဲ့ ၄၉.၁%အထိရရှိခဲ့တာဖြစ်ပါတယ်။
ဒီရွေးချယ်မှုမှာ အဆင့်လိုက်ရွေးချယ်စေခဲ့တာဖြစ်ပြီး ရော်နယ်ဒိုက ဆီမီးဖိုင်နယ်အဆင့်မှာ ဂါရတ်ဘေးလ်၊ စတာလင်၊ မာ့ခ်အိုဗားမားစ်တို့ကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဟာဇက်က မိုဟာမက်ဆာလာ၊ လွန်းဘတ်၊ မက်မာနာမန်တို့ကို ကျော်ဖြတ်ခဲ့ပြီး ဘက်ခမ်းကတော့ မာရက်ဇ်၊ ဆာဒီယိုမာနေး၊ ဂျီနိုလာတို့ကို အနိုင်ယူခဲ့ပါတယ်။
နောက်ဆုံးအဆင့်မှာတော့ ရော်နယ်ဒိုက ပြိုင်ဘက်အားလုံးထက် အပြတ်အသတ်အသာစီးရရှိခဲ့တာလည်းဖြစ်ပါတယ်။ ယူနိုက်တက်မှာ ၆ ရာသီကြာသာ ကစားခဲ့ပေမယ့် ရော်နယ်ဒိုက လွှမ်းမိုးမှုကြီးမားခဲ့ပြီး ဒီနေ့ထက်ထိ အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရဆဲဆိုတာကိုလည်း သက်သေပြနိုင်ခဲ့တာဖြစ်ပါတယ်။