မနေ့က လိဒ်နဲ့ပွဲမှာလည်း တဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့ပါတယ်။

လိဒ်ယူနိုက်တက်ကို အဝေးကွင်းမှာ ဗီလာက ဂိုးပြတ်အနိုင်ရရှိခဲ့ရာမှာ အသင်းအတွက်ခြေစွမ်းပြနေတဲ့ ကော်တင်ဟိုက အဖွင့်ဂိုးသွင်းယူခဲ့ပြန်ပါတယ်။ ဒါဟာ သူက ကလပ်အသင်းသစ်အတွက် ၄ ဂိုးမြောက်သွင်းယူနိုင်မှုဖြစ်လာခဲ့ကာ ဂိုးဖန်တီးမှုကလည်း ၃ ကြိမ်အထိ ရှိနေလို့ ဘရာဇီးလ်သားရဲ့ ခြေစွမ်းက နည်းပြဂျရတ်နဲ့ ပရိသတ်တွေအတွက် ကျေနပ်စရာကောင်းလာခဲ့ပါတယ်။

ဂျရတ်ရောက်ရှိလာပြီးနောက် နိုင်ပွဲတွေဆက်တိုက်ရရှိခဲ့သလို ကစားသမားသစ်ခေါ်ယူမှုတွေကလည်း အံဝင်ခဲ့တာကြောင့် ဗီလာဟာ အမှတ်ပေးဇယားအပေါ်ဘက်ကို တဖြည်းဖြည်းရောက်ရှိနေပြီဖြစ်ပါတယ်။ ဂျရတ်ရောက်မလာခင်မှာ တန်းမဆင်းရဖို့ ရုန်းကန်ရမယ့် ဗီလာက အခုတော့ တန်းဆင်းဇုန်နဲ့ ၁၅ မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်လို့ လာမယ့်ရာသီပရီးမီးယားလိဂ်မှာ တင်ကျန်နိုင်ဖို့ သေချာသလောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။ 

ကော်တင်ဟိုရဲ့ ခြေစွမ်းကလည်း ချီးကျူးချင်စရာတွေအပြည့်ဖြစ်နေပါတယ်။ ပရီးမီးယားလိဂ်ကို သူ ပြန်ရောက်လာချိန်ကစပြီး သွင်းဂိုးပါဝင်ပတ်သက်မှုမှာ သူ့ကိုမီတဲ့ ကွင်းလယ်ကစားသမားတဦးမှ မရှိဘူးလို့ မှတ်တမ်းတွေက ဆိုပါတယ်။ ဘာစီလိုနာမှာ ကျရှုံးခဲ့တဲ့ ဘရာဇီးလ်သားဟာ ဗီလာမှာတော့ စပါယ်ရှယ်ခြေစွမ်းမျိုးကို ပြသနေတာဖြစ်ပြီး အပြီးသတ်ခေါ်ယူဖို့အတွက်ကို ဂျရတ်က ပြောဆိုလိုက်ပြီဖြစ်ပါတယ်။ 

"ကော်တင်ဟိုကို ဒီမှာရှိသူတိုင်းက ချစ်မြတ်နိုးကြပါတယ်၊ သူ ကစားတာကို ကြည့်နေရတာက ပျော်စရာပါ၊ သူ့ကိုအပြီးသတ်ခေါ်ဖို့ ပေါင်သန်း ၄၀လား၊ ဒါက လူတွေထင်တာထက်ပိုပြီးတော့ ရှုပ်ထွေးပါတယ်၊ တကယ်လို့ အဲဒီငွေတွေက ကျနော်ပိုင်တာဆိုရင်တော့ အဖြေက ဘာလဲဆိုတာကို ခင်ဗျားသိမယ်ထင်ပါတယ်" လို့ လိဒ်နဲ့ပွဲအပြီးမှာ ဂျရတ်က ပြောဆိုခဲ့တယ်လို့ ESPN UK က ဖော်ပြခဲ့ပါတယ်။ 

Share

က္က