ယူနိုက်တက်တိုက်စစ်မှူးရော်နယ်ဒိုကတော့ မနေ့က အာဆင်နယ်နဲ့ပွဲမှာ အသင်းအတွက် တဂိုးသွင်းပေးခဲ့အပြီး ပရီးမီးယားလိဂ်ဂိုး ၁၀၀ ပြည့်မြောက်သွားခဲ့ပြီဖြစ်ပါတယ်။ ပထမတကြိမ်မှာ ယူနိုက်တက်အတွက် သူက ၈၄ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ဒီရာသီမှာတော့ ၁၆ ဂိုးအထိ ရရှိသွားခဲ့ပြီဖြစ်လို့ လိဂ်ဂိုး ၁၀၀ ပြည့်တဲ့ ကစားသမားစာရင်းထဲ ဝင်ရောက်နိုင်ခဲ့ပါတယ်။
ရော်နယ်ဒိုကတော့ သူ ဂိုးသွင်းနိုင်ခဲ့ပေမယ့်လည်း သူ့ရဲ့ပုံမှန်အောင်ပွဲခံဟန်အတိုင်း အောင်ပွဲမခံခဲ့ဘဲ ကွယ်လွန်သွားခဲ့တဲ့ သားဖြစ်သူကို ရည်စူးပြီးတော့သာ အောင်ပွဲခံခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ ယူနိုက်တက်အနေနဲ့ ရလဒ်ပိုင်းအပြောင်းအလဲဖြစ်စေမယ့် အခွင့်အရေးတွေ ရှိခဲ့ပေမယ့် ဘရူနိုဖာနန်ဒက်စ်ရဲ့ ပင်နယ်တီလွဲချော်ခဲ့မှု၊ ဒါလော့ရဲ့ ကန်ချက်တွေတိုင်ထိထွက်ခဲ့တာတွေကြောင့် နစ်နာခဲ့ရပါတယ်။
ပွဲအပြီးမှာတော့ နည်းပြရန်းဂ်နစ်ခ်က ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်အိပ်မက်တွေက ပြီးဆုံးသွားပြီလို့ ဝန်ခံခဲ့ပါတယ်။ လက်ကျန် ၄ ပွဲသာ ကစားရတော့မယ့်အချိန်မှာ အာဆင်နယ်ထက် ပွဲပိုကစားထားပြီး ၆ မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်လို့ ယူနိုက်တက်အတွက်တော့ ယူရိုပါလိဂ်ဝင်ခွင့်မျှော်လင့်ချက်သာ ရှိတော့တာဖြစ်ပြီး လာမယ့်ရာသီမှာ နည်းပြသစ်တန်ဟက်ဂျ်နဲ့ ပြုပြင်ပြောင်းလဲမှုတွေ သေချာပေါက်လုပ်ဆောင်ရတော့မှာဖြစ်ပါတယ်။