ဒီရာသီပရီးမီးယားလိဂ်မှာ အာဆင်နယ်တို့ ရလဒ်တွေကောင်းမွန်နေပြီး အမှတ်ပေးဖလားကို ရယူနိုင်ဖို့ပါ အခြေအနေတော်တော်လေးကောင်းသွားခဲ့ပါပြီ။ ဖူလ်ဟမ်ကို ၃ ဂိုးပြတ်အနိုင်ယူပြီးမှာ လက်ကျန် ၁၁ပွဲသာ ကျန်တော့တဲ့အချိန် အာဆင်နယ်က ဒုတိယနေရာက မန်စီးတီးကို ၅ မှတ်အထိ ဖြတ်တောက်ထားခဲ့ပြီး ဆုဖလားအတွက် အကောင်းဆုံးအခွင့်အရေးတွေ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။
အာဆင်နယ်တို့ အခုလိုခြေစွမ်းပြနေမှုနဲ့အတူ အသင်းခေါင်းဆောင်မာတင်အိုဒီဂတ်ကလည်း ဒီဘရိုင်းကိုကျော်လွန်ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်လူဖြစ်လာခဲ့ပြီလို့ ဘောလုံးပွဲဝေဖန်သုံးသပ်သူ ဂျင်မီရက်နပ်က ပြောဆိုခဲ့ပါတယ်။ အိုဒီဂတ်ကတော့ အာဆင်နယ်ကို ရောက်လာပြီးကတည်းက ခြေစွမ်းပြခဲ့ကာ ဒီရာသီမှာ အသင်းခေါင်းဆောင်တာဝန်ပါ ရယူပြီး အသင်းကို အကောင်းဆုံးထိန်းကျောင်းပေးနေသူလည်းဖြစ်ပါတယ်။
အာဆင်နယ်အတွက် သွင်းဂိုး ၁၀ ဂိုးနဲ့ ဖန်တီးမှု ၆ ကြိမ်လုပ်ပေးထားတဲ့ အိုဒီဂတ်နဲ့ပတ်သက်ပြီး ရက်နပ်က "အခုအချိန်မှာ သူက နံပါတ်တစ်ပါပဲ၊ သူ့ထက်ပိုကောင်းတဲ့သူမရှိတော့ပါဘူး၊ ပုံမှန်အားဖြင့် ကျနော်တို့က ပရီးမီးယားလိဂ်မှာတင်မဟုတ်ဘဲ ကမ္ဘာပေါ်မှာပါ ကီဗင်ဒီဘရိုင်းကို အကောင်းဆုံးကွင်းလယ်လူလို့ ပြောကြပါတယ်၊ ဒါပေမယ့် အခုအဲဒါက မဟုတ်တော့ပါဘူး"
"သူက ပွဲများစုမှာ အရင်လိုမကစားနိုင်တော့ပါဘူး၊ ဒါပေမယ့် အိုဒီဂတ်ကတော့ အဲဒါတွေကို လုပ်ပြနေပါတယ်၊ ကြီးကျယ်တဲ့ကစားသမားတွေအားလုံးပိုင်ဆိုင်တဲ့ အရာကို သူက လုပ်ပြနေပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ အိုဒီဂတ်ကတော့ ရီးရဲလ်မက်ဒရစ်ကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အာဆင်နယ်အတွက် အဖိုးတန်ကစားသမားတဦးအဖြစ် အချိန်ခဏလေးအတွင်းမှာ ဖြစ်တည်လာခဲ့တာပါ။
အာတီတာရဲ့ နည်းစနစ်၊ ကစားကွက်တွေမှာ သူက အခရာကျပြီး ခြေစွမ်းအရ အသင်းကစားကွက်ကို ဦးဆောင်ပေးရသလို ခေါင်းဆောင်တဦးအနေနဲ့လည်း အသင်းဖော်တွေကို ဦးဆောင်ပေးခဲ့ရပါတယ်။ နော်ဝေကြယ်ပွင့်ရဲ့ ခြေစွမ်းက အာဆင်နယ်မှာ ခေတ်အဆက်ဆက်ကွင်းလယ်ကစားသမားကောင်းတွေ ထွက်ပေါ်လာခဲ့မှုကို ပြန်လည်အသက်သွင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။