ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ကော်တင်ဟိုဟာ အက်စတွန်ဗီလာအသင်းကို ပြောင်းရွှေ့ဖို့အနီးစပ်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ စတီဗင်ဂျရတ်ကိုင်တွယ်နေတဲ့ အသင်းဖြစ်သလို ဂျရတ်ကလည်း လီဗာပူးလ်မှာ သူနဲ့တွဲကစားဖူးခဲ့တဲ့ ကော်တင်ဟိုကို ပြန်လည်ခေါ်ယူချင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့တာ ကြာခဲ့ပြီဖြစ်ပါတယ်။
နူးကမ့်မှာ ခြေစွမ်းမပြနိုင်ဖြစ်နေပြီး လစာငွေပေးချေရမှုကလည်း မြင့်မားနေတဲ့ ဘရာဇီးလ်ကစားသမားကို ဘာစီလိုနာကလည်း ပြန်လည်ရောင်းထုတ်ချင်နေတာဖြစ်ပါတယ်။ ဒါကြောင့် ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်အတွင်း အငှား ဒါမှမဟုတ် အပြီးသတ်နဲ့ထွက်ခွာစေဖို့ကို စိတ်အားထက်သန်နေပြီး တဖက်မှာ ဗီလာရဲ့ စိတ်ဝင်စားမှုက သူတို့အတွက် စိတ်ကျေနပ်စရာဖြစ်လာခဲ့ပါတယ်။
ဘဏ္ဍာရေးပြသနာတွေရှိနေပြီး လုပ်ခလစာကလည်း လာလီဂါစည်းမျဉ်းတွေအရ လျှော့ချရဖို့ရှိနေတဲ့ ဘာစီလိုနာအတွက်တော့ ကော်တင်ဟိုသာ ထွက်ခွာခဲ့မယ်ဆိုရင် ဖာရန်းတောရက်စ်ကို အသင်းကစားသမားအဖြစ် စာရင်းသွင်းနိုင်မှာလည်းဖြစ်ပါတယ်။ ကော်တင်ဟိုအနေနဲ့ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြဖူးတဲ့ကစားသမားဖြစ်လို့ ဗီလာမှာလည်း အလျင်အမြန်အထိုင်ကျသွားမယ်လို့ ဂျရတ်က ယုံကြည်နေတာလည်းဖြစ်ပါတယ်။