ရာသီကြိုခြေစမ်းပွဲနှစ်ပွဲကစားပြီးချိန်မှာတော့ ချယ်လ်ဆီးပရိသတ်တွေဟာ ကစားသမားသစ်တွေဖြစ်တဲ့ နီကိုလပ်စ်ဂျက်ဆန်နဲ့ အန်ကွန်ကူတို့ရဲ့ ခြေစွမ်းအပေါ် ကျေနပ်အားရနေကြပါတယ်။ အန်ကွန်ကူဟာ ဘရိုက်တန်နဲ့ပွဲမှာလည်း ဂိုးထပ်ရခဲ့ပြီး ၂ပွဲဆက်ဂိုးသွင်းနိုင်ခဲ့သလို ဂျက်ဆန်ကလည်း ဂိုးဖန်တီးမှုဆက်လုပ်နိုင်ခဲ့ကာ ကိုယ်တိုင်လည်း ၁ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ပိုချက်တီနိုရဲ့ တိုက်စစ်ပိုင်းမှာ ဒီကစားသမားနှစ်ဦးက အဓိကကျလာမယ့်သူတွေလို့ ယူဆရပြီး အသင်းသစ်မှာ ချက်ချင်းပဲ ခြေစွမ်းပြနေကြတာပါ။ ရက်စ်ဟမ်းနဲ့ပွဲမှာလည်း ဂိုးပါဝင်ပတ်သက်မှုတွေရှိခဲ့သလို ဘရိုက်တန်နဲ့ပွဲမှာလည်း အထင်ကြီးဖွယ်ရာ စွမ်းဆောင်ရည်တွေကို ဆက်ပြသခဲ့တဲ့နောက် ပရိသတ်တွေရဲ့ သူတို့အပေါ် ယုံကြည်မှုက မြင့်တက်လာခဲ့ပါတယ်။
ဂျက်ဆန်ဟာ မူဒရစ်နဲ့အတွဲအဖက်မိမိ ကစားနိုင်ခဲ့ပြီး ၇၆ မိနစ်မှာ ချယ်လ်ဆီးကစားသမားဘ၀ ပထမဆုံးဂိုးကို ရယူနိုင်ခဲ့ပါတယ်။ မူဒရစ်ရဲ့ ဂိုးအတွက်လည်း သူက ပြေးလမ်းကြောင်းထဲ အနေတော်ချပေးနိုင်ခဲ့ပြီး အသင်းဖော်က လှပတဲ့ကန်သွင်းချက်နဲ့ ဂိုးရသွားခဲ့တာပါ။
ချယ်လ်ဆီးပရိသတ်တွေကတော့ "အန်ကွန်ကူက ကြီးကျယ်ခမ်းနားတဲ့ ကစားသမားဖြစ်လာဖို့ မျှော်လင့်နိုင်တယ်၊ သူ နှစ်ပွဲဆက်ဂိုးသွင်းပြီးပြီ" ၊ အရင်ပြောခဲ့ဖူးသလို ထပ်ပြောရမယ်ဆိုရင် အန်ကွန်ကူက ပရီးမီးယားလိဂ်ရဲ့ နွေရာသီအကောင်းဆုံးခေါ်ယူမှုပဲ၊ သူက အရမ်းကောင်းတယ်" လို့ ချီးမွမ်းခဲ့ကြပါတယ်။
ဒါ့အပြင် ဂျက်ဆန်ကိုလည်း "နီကိုလပ်စ်ဂျက်ဆန်ဆိုတာ သူပဲ" ၊ "ဂျက်ဆန်ရေ၊ ငါကတော့ မတ်တပ်ရပ်လက်ခုပ်တီးခဲ့ပြီးတော့ မင်းက ကမ္ဘာ့အဆင့်လို့ ချီးကျူးပါတယ်"၊ "ဂျက်ဆန်က open play ကနေ ၂ကြိမ်ဖန်တီးခဲ့ပြီးပြီ၊ ဒါက မေဆန်မောင့်ရဲ့ ချယ်လ်ဆီးကစားသမားဘ၀တခုလုံးဖန်တီးမှုထက်တောင် ပိုများသေးတယ်" လို့ ပြောဆိုခဲ့ကြပါတယ်။