တကယ့်ကို စိတ်ပျက်စရာ အခြေအနေနဲ့ ကြုံတွေ့ခဲ့ရတာပါ။

ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့ဆိုတာက တကယ်ကို မလွယ်ကူတဲ့ အလုပ်တစ်ခုပါ။ ရာသီတစ်လျှောက်လုံးမှာ အကောင်းဆုံးပုံစံရရှိအောင် ကြိုးစားရတာ ဖြစ်ပြီး ပြိုင်ပွဲပြီးဆုံးဖို့ နီးကပ်လာလေ သတိကြီးကြီးထား ကစားရလေပါပဲ။

ဒီရာသီမှာလည်း လီဗာပူးလ်ဟာ ဝက်စ်ဟမ်းနဲ့ သရေကျသွားခဲ့ပြီးနောက် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာကို မန်စီးတီးဆီ လွှဲပြောင်းပေးလိုက်ရပါတယ်။ ဒါဟာ ခရစ္စမတ်ကာလနောက်ပိုင်းမှာ ဇယားထိပ်ပိုင်းအပြောင်းအလဲ ဖြစ်ခဲ့တာပါ။ လီဗာပူးလ်အတွက်တော့ စိုးရိမ်စရာ ဖြစ်ခဲ့ရပြီး သမိုင်းမှတ်တမ်းတွေအရလည်း သတိထားရမယ့် အခြေအနေကို ရောက်သွားခဲ့ပါတယ်။

အမှတ်ပေးဇယားကို ကာလရှည်ဦးဆောင်နိုင်ခဲ့ပေမယ့် ရာသီကုန်မှာ ဆုဖလားကို အခြားတစ်သင်းက ရယူသွားတဲ့ အဖြစ်မျိုးနဲ့ ကြုံတွေ့ရနိုင်လို့ပါ။ ဒါကြောင့် ဒီလိုအဖြစ်မျိုး ရင်ဆိုင်ခဲ့ရတဲ့ အသင်း (၃)သင်းအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မန်ချက်စတာယူနိုက်တက်

၁၉၉၇-၉၈ ဘောလုံးရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရက်ပေါင်း (၁၈၇)ရက်ကြာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရာသီအကုန်မှာတော့ အာဆင်နယ်ရဲ့ ဖြတ်ကျော်သွားမှုကို ခံခဲ့ရပြီး အဆင့် (၂)နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ အာဆင်နယ်က လက်ကျန် (၂)လအတွင်းမှာ ဆယ်ပွဲဆက်တိုက် အနိုင်ယူပြီး အမှတ်ပေးဖလားကို ဆွတ်ခူးသွားခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အက်ဖ်အေဖလားပြိုင်ပွဲမှာလည်း ဘန်လေကို ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရသလို ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာလည်း မိုနာကိုအသင်းကို အရေးနိမ့်ခဲ့ရပါတယ်။ ဖလား (၃)လုံးလမ်းကြောင်းပေါ်ကပါ လွင့်စင်ခဲ့ရတာဖြစ်ပြီး နာကျင်မှုတွေနဲ့သာ အဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။ အမှတ်ပေးဇယားကို (၆)လကျော် ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း အဆုံးသတ်ကတော့ မလှပခဲ့ပါဘူး။ အာဆင်နယ်က တစ်မှတ်အသာနဲ့ ကပ်ပြီး ဗိုလ်စွဲသွားခဲ့လို့ ပိုပြီးမခံချိမခံသာ ဖြစ်ခဲ့ရပါတယ်။

၂။ အာဆင်နယ်

၂၀၀၂-၂၀၀၃ ဘောလုံးရာသီမှာ အာဆင်နယ်အသင်း ရင်ဆိုင်ခဲ့ရမှု ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်ပြီး ရာသီဝက်ကာလကတည်းက အသင်းက အကောင်းဆုံး ပုံစံပြခေဲတာပါ။ ဒါပေမယ့်လည်း နောက်ဆုံးကာလအတွင်းမှာ အာဆင်နယ်ဟာ ခြေစွမ်းပိုင်းမတည်ငြိမ်ခဲ့ပဲ ဆုဖလားကို လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

အက်စတန်ဗီလာကို သရေသာ ကစားနိုင်ခဲ့ပြီးနောက် ယူနိုက်တက်ကို အမှတ်ပေးဇယား ပူးတွဲဦးဆောင်ခွင့် ပေးခဲ့ရပါတယ်။ အဲဒီနောက်မှာ လိဒ်ယူနိုက်တက်ကို အရေးနိမ့်ခဲ့ပြီးနောက် အဆင့် (၂)နေရာကို ရောက်ရှိသွားခဲ့တာပါ။ လိဒ်နဲ့ပွဲမတိုင်ခင်မှာလည်း ဘောလ်တန်အသင်းနဲ့ (၂)ဂိုးစီသရေကျခဲ့တဲ့ အာဆင်နယ်ဟာ အခွင့်ကောင်းတွေကို လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကိုလည်း အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် (၂)ဂိုးစိ သရေနဲ့သာ ကစားနိုင်ခဲ့ပြီး ရာသီကုန်မှာ ယူနိုက်တက်လက်ထဲကို ဆုဖလားပေးအပ်ခဲ့ရပါတယ်။ အာဆင်နယ်ဟာလည်း ရက်ပေါင်း (၁၈၉)ရက်ကြာ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့တာဖြစ်ပေမယ့် အချည်းနှီးအဖြစ်နဲ့သာ ရင်ဆိုင်ခဲ့ရတာပါ။

၃။ နယူးကာဆယ်ယူနိုက်တက်

၁၉၉၅-၉၆ ဘောလုံးရာသီမှာ (၇)လကြာ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့တဲ့ နယူးကာဆယ်အသင်းဟာ ထင်မှတ်မထားပဲ ဆုဖလားနဲ့ လွဲချော်ခဲ့ရပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲသက်တမ်းတစ်လျှောက်မှာ ကံအဆိုးဆုံးအဖြစ်လို့ သတ်မှတ်ရမှာဖြစ်ပြီး ကီဗင်ကီးဂန်းရဲ့ ငှက်ကျားတွေဟာ ရမှတ်က (၁၂)မှတ်အထိပြိုင်ဘက် ယူနိုက်တက်ကို ဖြတ်တောက်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဖာဂူဆန်က ကီးဂန်းကို စိတ်ဓာတ်စစ်ဆင်ရေးတွေ ဆက်တိုက်ပြုလုပ်သွားခဲ့ပြီးတော့ ရာသီကုန်မှာ လေးမှတ်အသာနဲ့ ဆုဖလားကို ယူနိုက်တက်တို့ ဆွတ်ခူးသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး (၁၀)ပွဲမှာ နယူးကာဆယ်ဟာ (၃)ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး (၂)ပွဲသရေကျခဲ့ပါတယ်။ ဒီအခြေအနေမှာ ယူနိုက်တက်က အခွင့်ကောင်းယူခဲ့ပြီးတော့ နယူးကာဆယ်ကို ကျော်ဖြတ်ကာ ဗိုလ်စွဲသွားခဲ့တာ ဖြစ်ပါတယ်။

နယူးကာဆယ်အနေနဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ လက်တစ်ကမ်း အကွာကို ရောက်ရှိခဲ့ပေမယ့်လည်း တေ့လွဲလွဲခဲ့ရပါတယ်။ ရာသီအစ (၁၀)ပွဲမှာ (၉)ပွဲအထိ အနိုင်ရခဲ့ပြီး ပုံစံကောင်းတွေ ပြသခဲ့ပေမယ့် အဆုံးသတ်မှာတော့ စိတ်ပျက်စရာအဖြစ်နဲ့ နယူးကာဆယ် ကြုံခဲ့ရတာပါ။

Share

Loading Next Article...
က္က