''ကိုယ်စောင့်နတ်''သီချင်းပိုင်ရှင် ဖိုးပြည့်က ၂၀၁၈ ခုနှစ်အတွင်း ရေပန်းအစားဆုံး အမျိုးသားတေးသံရှင်သစ်ဆုကို ရရှိပိုင်ဆိုင်သွားပါပြီ။
City FM Radio Station ရဲ့ 17 နှစ်ပြည့် Annual Music Award Show ပွဲကြီးမှာ ၂၀၁၈ ခုနှစ်အတွင်း ရေပန်းအစားဆုံး အမျိုးသားတေးသံရှင်သစ် ဆုကိုတော့ ''ကိုယ်စောင့်နတ်''သီချင်းပိုင်ရှင် ဖိုးပြည့် က ရရှိခဲ့တာဖြစ်ပါတယ်။
'' ကျွန်တော် အမြဲတမ်း ဗရုတ်သုခ ဖြစ်အောင်လုပ်နေတဲ့ လူပါ။ ဒီဆုကို ရမယ်လို့လည်း မထင်ပါဘူး။ အရင်ဆုံး ကျွန်တော့် အခွေကို ထုတ်ပေးတဲ့ အမေ ဒီအခွေပြီးရင် နောက်အခွေ ထပ်မထုတ်ပေးဘူးလို့ ပြောလာတဲ့ အမေ့ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို ကိုယ်စောင့်နတ်ဖြစ်စေခဲ့တဲ့ ပံ့ပိုးပေးတဲ့ လူတွေကို ကျေးဇူးတင်ပါတယ်'' ဆိုပြီးတော့ သူ့ရင်ထဲက ခံစားချက်ကို ပြောသွားခဲ့ပါတယ်။
ဖိုးပြည့်ကို ''ကိုယ်စောင့်နတ်'' သီချင်းနဲ့ ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ ဒီသီချင်းဟာ လူကြီး၊ လူငယ်၊ ကလေး တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားတဲ့ သီချင်းတစ်ပုဒ်ဆိုရင်လည်း မမှားပါဘူး။
City FM Radio Station ရဲ့ 17 နှစ်ပြည့် Annual Music Award Show ကြီး ကို ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေ ၆ နာရီ ကစပြီး ရန်ကုန် မြို့ မင်းဓမ္မလမ်းမှာရှိတဲ့ MCC ခန်းမမှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ ဒီပွဲကြီးကို တက်ရောက်လာတဲ့ အနုပညာရှင်တွေကလည်း အများကြီးပါ။ ဘယ်အဆိုတော်က ဘာဆုရမလဲဆိုတာကိုလည်း စိတ်လှုပ်ရှားပြီး စောင့်ကြည့်နေကြတဲ့ ပွဲကြီးတစ်ပွဲ ဖြစ်ပါတယ်။