တရုတ်မှာ pre-order လက်ခံထားပါတယ်

Vivo ရဲ့ Gaming ဦးစားပေး စမတ်ဖုန်း အမှတ်တံဆိပ် iQOO ကတော့ 5G မော်ဒယ် စမတ်ဖုန်းကို မိတ်ဆက်သွားပြီ ဖြစ်ပါတယ်။

Vivo iQOO brand အနေနဲ့4G ချိတ်ဆက်နိုင်တဲ့ iQOO Pro နဲ့iQOO Pro 5G ဆိုပြီး နှစ်မျိုး မိတ်ဆက်ခဲ့တာပါ။ ကွန်ရက်ချိတ်ဆက်နိုင်မှု ကွာတာကလွဲရင်တော့ ဒီဖုန်းနှစ်မျိုးစလုံးဟာ အတူတူပဲလို့ပြောနိုင်ပါတယ်။

Photo: NDTV Gadgets

Vivo iQOO Pro ဖုန်းသစ်တွေဟာ မျက်နှာပြင် ၆.၄၁ လက်မ Super AMOLED display နဲ့လာပြီး မှန်ပြင်အောက်မှာ လက်ဗွေစနစ် ထည့်သွင်းထားပါတယ်။ ကျောဘက် ထောင်လိုက် ကင်မရာ ၃ လုံးတွဲကင်မရာစတိုင်နဲ့လာပြီး ရှေ့display ပုံစံဟာ waterdrop ပုံစံ သုံးထားတာပါ။

ကျောဘက် panel မှာ ရိုးရိုး 4G LTE ဗားရှင်းအတွက် iQOO လိုဂိုနဲ့5G မော်ဒယ်အတွက် iQOO 5G ဆိုပြီး တင်ထားပြီး ကျောအလယ်မှာ Monster Inside ဆိုပြီး ရေးထားပါတယ်။ တကယ်လည်း အထဲမှာ သုံးထားတဲ့ specs တွေအရ monster ဆိုတာ မမှားပါဘူး။

iQOO brand စပြီး ပေါ်လာကတည်းက high-end chipset သုံးခဲ့သလို အခုချိန်မှာလည်း အမြင့်ဆုံးနောက်ဆုံးပေါ် processor ကို Vivo iQOO Pro သစ်တွေမှာ သုံးထားပါတယ်။ တရုတ်မှာ မိတ်ဆက်သွားတဲ့ Vivo iQOO Pro ဟာ Xiaomi ရဲ့ Black Shark 2 Pro ၊ Asus ROG Phone II တို့လိုပဲ Snapdragon 855+ processor နဲ့လာပါတယ်။



Gaming ဖုန်း lineup ကနေ ထွက်လာတဲ့ ဖုန်းဖြစ်လို့Vivo iQOO Pro နဲ့iQOO Pro 5G တို့မှာ မိုဘိုင်းဂိမ်မာတွေအတွက် gaming features များ ၊ လိုင်းဆွဲအားကောင်းစေမယ့် Net Turbo ကွန်ရက်နည်းပညာ ၊ WiFi နဲ့မိုဘိုင်းဒေတာအကြား Connection ပိုကောင်းတဲ့ လိုင်းကို ပြောင်းပေးမယ့် dual WiFi နည်းပညာများ ပါဝင်ပါတယ်။

Vivo iQOO Pro ဟာ အရင် ထွက်ထားတဲ့ iQOO လိုပဲ သုံးလုံးတွဲ ကင်မရာစနစ်နဲ့လာပြီး ကင်မရာစွမ်းရည် မြှင့်ထားပါတယ်။ ကျောဘက်မှာ Sony IMX582 sensor သုံး 48MP ကင်မရာ ၊ 12MP ultrawide ကင်မရာနဲ့2MP depth sensor သုံးထားပြီး ရှေ့ဘက်မှာတော့ Dual-Pixel 12MP ဆယ်လ်ဖီကင်မရာ သုံးသွားပါတယ်။

Android 9 Pie ကို အခြေခံထားတဲ့ Vivo Funtouch 9 OS နဲ့လာပြီး 44W ultra fast charging အားသွင်းစနစ်ပါတဲ့ 4500mAh ဘက်ထရီ ပါရှိပါတယ်။ 4G ဗားရှင်းဟာ RAM 8GB/128GB storage မော်ဒယ်နဲ့RAM 12GB/128GB storage မော်ဒယ်ဆိုပြီး နှစ်မျိုး ထွက်ထားပါတယ်။

Photo: GSMArena

Vivo iQOO Pro 5G ဟာ RAM 8GB/128GB storage ၊ RAM 8GB/256GB storage နဲ့RAM 12GB/128GB storage ဆိုပြီး ဗားရှင်း ၃ မျိုး နဲ့ဝယ်ယူနိုင်မှာပါ။ 4G ရော 5G ဗားရှင်းမှာပါ Racing Black နဲ့Le Mans Blue ကာလာ ၂ ရောင်ပဲ ထွက်ထားပြီး တရုတ်ဈေးကွက်မှာ pre-order လက်ခံနေပြီလို့ဆိုပါတယ်။

Vivo iQOO Pro 4G ကို ၃၁၉၈ ယွမ် ( မြန်မာငွေ ၆ သိန်း ၈ သောင်းခွဲ) နဲ့၃၄၉၈ ယွမ် ( မြန်မာငွေ ၇ သိန်းခွဲ ) ဈေးတွေနဲ့ရောင်းချသွားမှာပါ။ 5G မော်ဒယ်ကိုတော့ ၃၇၉၈ ယွမ် ( မြန်မာငွေ ၈ သိန်းကျော်) ၊ ၃၉၉၈ ယွမ် ( မြန်မာငွေ ၈ သိန်း ခွဲကျော်) နဲ့၄၀၉၈ ယွမ် ( မြန်မာငွေ ၈ သိန်း ၈ သောင်းခန့်) ဈေးများ သတ်မှတ်ထားပါတယ်။

Share

Loading Next Article...
က္က