စိတ်တိုင်းမကျတဲ့အရာလေးတွေရှိပါတယ်။

နန်းသူဇာက သူမရဲ့ မျက်နှာပေါ်မှာရှိတဲ့ လိုအပ်ချက်တွေကို ပြုပြင်ပြောင်းလဲဖို့ မဖြစ်နိုင်သေးဘူးလို့ဆိုပါတယ်။ အလှအပနဲ့ ပတ်သက်ပြီးတော့လည်း ချစ်သူက ဘာမှဝင်ပြောလေ့ပြောထ မရှိပါဘူးတဲ့။

Photo: Nan Thuzar



အရုပ်မလေးတစ်ရုပ်အလား ချစ်စရာကောင်းတယ်လို့ ဆိုကြတဲ့ နန်းသူဇာက သူမရဲ့ မျက်နှာပေါ်မှာ စိတ်တိုင်းမကျတဲ့အရာတွေရှိတယ်လို့ဆိုပါတယ်။ ဒါပေမယ့် သူမကတော့ သဘာဝအတိုင်းပဲနေရတာကို သဘောကျတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ နှာခေါင်းပါ အများကြီးပဲပေါ့နော်။ မိတ်ကပ်ဖျက်လိုက်ရင် အားလုံးပေါ်လာလိမ့်မယ်။ ခွဲစိတ်ရတာ ကြောက်တာလည်းပါတယ်။ ခွဲစိတ်ခန်းဝင်တာ မသိပေမယ့် နောက်ပိုင်းမှာ ပြင်ရဆင်ရ၊ ထိန်းသိမ်းရတာတွေရှိတယ် ကိုယ်က မလုပ်နိုင်ဘူး။ အပြင်မထွက်ရတာတွေလည်းရှိတယ်။ ပြီးတော့ ဗီဒီယိုတွေကြည့်ရင်းနဲ့ ကြောက်ဖို့လည်းကောင်းတော့ မလုပ်ဖြစ်ဘူး’’ လို့ ရယ်ရယ်မောမောနဲ့ ပြောပြလာပါတယ်။

Photo: Nan Thuzar

နန်းသူဇာရဲ့ အလှအပနဲ့ပတ်သက်ပြီး ပြုပြင်တာဖြစ်ဖြစ်၊ သဘာဝအတိုင်းနေတာဖြစ်ဖြစ် ချစ်သူဖြစ်တဲ့ ကျော်ထွဋ်ဆွေကတော့ ဘာမှ ဝေဖန်ပေးတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

‘’ သူကြိုက်လား၊ မကြိုက်လားလည်း မမေးဖူးဘူး။ သူကတော့ အလှအပတွေနဲ့ ပတ်သက်ပြီး ဘာမှ ဝင်ပြောတာမျိုးမရှိဘူး။ လှလားလို့မေးရင် လှတယ်လို့ဖြေတယ်။ မဖြေလို့လည်း မရဘူးလေ အော်မှာ’’ ဆိုပြီးတော့ B&F Fashion ဆိုင်ဖွင့်ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Nan Thuzar

နန်းသူဇာနဲ့ ချစ်သူဖြစ်တဲ့ ကျော်ထွဋ်ဆွေတို့ဟာ ချစ်သူသက်တမ်း ၇ နှစ် ရှိပြီဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ယောက်သား လက်ထပ်ဖို့ အခြေအနေကတော့ ကြိုးစားနေကြတုန်းပါလို့ ဆိုပါတယ်။

‘’ ဒီခေတ်ကြီးမှာ မင်္ဂလာဆောင် စရိတ်တို့၊ အများကြီးပေါ့နော်။ ငွေရေး၊ ကြေးရေး အခက်အခဲတွေက များလာတော့ အဲဒီအတွက် နှစ်ယောက်စလုံး အောင်မြင်အောင်လို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင်လို့ အရင်ကြိုးစားရမှာပေါ့နော်။ ပြီးတော့မှ ကိုယ့်မိသားစုဆိုတာ ဖြစ်လာမှာ အဲဒီတော့မှ စဉ်းစားမှာ’’လို့ သူကဆိုပါတယ်။

Photo: Nan Thuzar

နန်းသူဇာက အဆိုတော်တစ်ယောက်ဖြစ်သလို ပရိသတ်အားပေးမှု ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းနဲ့ အတူ Friend စီးရီးခွေကို ထွက်ရှိထားပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ လက်ရှိအချိန်မှာ ချစ်သူနှစ်ဦး နားလည်မှုနဲ့ တည်ဆောက်ထားပြီး ဘဝတစ်ခုထူထောင်ဖို့ကိုလည်း ကြိုးစားနေတယ်လို့ သိရပါတယ်။

သူမက လက်ရှိမှာ ပွဲတွေ တက်ဖြစ်နေသလို သီချင်းတွေလည်း ဆိုဖြစ်နေတယ်လို့ သိရပါတယ်။ အတွဲခွေများစွာ မှာ သီချင်းပါဝင်သီဆိုထားတဲ့ နန်းသူဇာက တစ်ကိုယ်တော်အခွေအတွက်လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။ သီချင်းပိုင်းကိုပဲ စိတ်ဝင်စားတဲ့ သူမကတော့ သရုပ်ဆောင်ပိုင်းကိုကူးဖို့ အစီအစဉ်မရှိပါဘူးတဲ့။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က