တည်ခိုးခန်းဖွင့်လှစ်သူတွေဘက်ကပြုလုပ်ခဲ့တာပါ။

အခုပြန်မရသေးတဲ့စပေါ်ငွေ တွေက ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ပွဲတော်တုန်းကဟာ ဖြစ်ပြီး စပေါ်ငွေပြန်မပေးတဲ့အပေါ်မှာလည်း မင်းဘူးမြို့ဂေါပကအဖွဲ့မှ ဖြေရှင်းချက်ပေးထားပါတယ်။ 

မကွေးတိုင်းဒေသကြီး မန်းရွှေစက်တော်ဘုရားပွဲတော်ကာလအတွင်း တည်ခိုခန်း၊ဆိုင်ခန်းလျှောက်ထားသူများထံမှ ဂေါပကအဖွဲ့က သတ်မှတ်ထားတဲ့စပေါ်ငွေများကို ယူထားပြီး ယနေ့အထိပြန်လည်ပေးအပ်ခြင်းမရှိသေးဘူးလို့ဆိုကာ တည်းခိုဆောင်ဖွင့်လှစ်သူတစ်ဦးက အဆိုပါစပေါ်ငွေများ ပြန်လည်ရရှိနိုင်ရေးအတွက် သြဂုတ်လ (၂၃)ရက်နေ့ ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ 

“ အခုပြန်မရသေးတဲ့ deposit တွေက ပြီးခဲ့တဲ့ ၂၀၁၇ - ၂၀၁၈ ခုနှစ်ကဟာတွေပြန်မရသေးတာ။ ဂေါပကအဖွဲ့ကို အကြိမ်ကြိမ်သွားရောက်တွေ့ဆုံတော့လည်း ရှောင်နေကြတယ်၊ အတွေ့ကိုမခံဘူး။ ဘာလို့ ပြန်မပေးတာလည်းဆိုပြန်တော့လည်း သူတို့မှာ ဘာအကြောင်းပြချက်မှမရှိဘူး။သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အဆင့်ဆင့်တိုင်ကြားတော့လည်း ဂေါပက အဖွဲ့ကပေးလိမ့်မယ်ဆိုတာပဲ ပြောတယ်။ ဘာမှမလုပ်ပေးဘူး။အဲဒါကြောင့် ဒီချိန်ထိ ပိုက်ဆံကပြန်မရဘဲနဲ့မျောလာတာ။ အခုတော့ ကျွန်မဘက်ကလည်း မစောင့်နိုင်တော့ဘူး ကိုယ့်ပိုက်ဆံကို ပြန်လိုချင်လို့ အခုလို သတင်းစာရှင်းလင်းပွဲ လုပ်တာ” လို့ မနှင်းနှင်းက မီဒီယာတွေကိုပြောပါတယ်။

photo- U Myo Win Than

အခုလိုပွဲတော်အတွင်းပေးထားတဲ့ စပေါ်ငွေတွေကို ပြန်မရတဲ့သူတွေက အများကြီးရှိနေပြီး တချို့ က မပြောရဲလို့ ငြိမ်နေတဲ့သူတွေလည်း အများကြီးရှိတယ်လို့ မနှင်းနှင်းကပြောပါတယ်။ ဒါနဲ့ ပတ်သက်လို့ မင်းဘူးမြို့ဂေါပကအဖွဲ့ရုံးကို Duwun ကဆက်သွယ်မေးမြန်းတဲ့အခါမှာ

“ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးလေးတို့ ဂေါပက ရုံးအဖွဲ့က မရှောင်ပါဘူး။ မင်းဘူးမြို့ ဂေါပက အဖွဲ့ရုံးမှာ တစ်နှစ်ပတ်လုံးရှိပါတယ်။ ဒီနေ့မနက် ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲလုပ်တဲ့နှင်းနှင်းဆိုတဲ့တစ်ယောက်က ၂၀၁၈ခုနှစ်ပွဲတော်တုန်းက စပေါ်ငွေပြန်မရတာနဲ့ပတ်သက်လို့ သူကလုပ်တာ။ ဒါကိုပြောရမယ်ဆိုရင် ၂၀၁၈ခုနှစ်တုန်းက တည်ခိုးဆောင်လျှောက်ထားတဲ့သူ (၁၂၆)ဦးရှိတယ်။ (၁၂၆)ဦးလုံးကို စပေါ်ငွေ သိန်း (၂၀)ဆီတင်ခိုင်းပြီးတော့ စည်းကမ်းအတိုင်းဆောင်ရွက်ခိုင်းခဲ့တာ။ စည်းကမ်အတိုင်းမလုပ်ရင် ဒဏ်ရိုက်တဲ့ စနစ်နဲ့ အားလုံးသဘောတူလုပ်ခဲ့ကြပြီး နှင်းနှင်းဆိုတဲ့တစ်ယောက်က ပွဲတော်အတွင်းမှာ သတ်မှတ်ထားတဲ့စည်းကမ်းတွေကိုဖောက်လို့ ဒဏ်ရိုက်လိုက်တော့ သူတင်ထားတဲ့ စပေါ်ငွေ သိန်း(၂၀)နဲ့ကွက်တိဖြစ်လို့ သူ့ကိုပြန်မထုတ်ပေးတာ။ ကျန်တဲ့ (၁၂၅)ဦးလုံးကိုတော့ အားလုံးထုတ်ပေးထားပြီ” လို့ မင်းဘူးမြို့ ဂေါပက အဖွဲ့ ဥက္ကဌ ဦးသိန်းလှိုင်က ပြောပါတယ်။

မနှင်းနှင်းက ပွဲတော်အတွင်း တည်းခိုဆောင်အပြင် အိမ်သာခန်းခိုးဆောက်တာတွေ၊ ထမင်းဆိုင်ခန်းတွေနဲ့ တည်းခိုခပိုတောင်းတာတွေ စတာတွေကို ဒဏ်ရိုက်လိုက်တော့ သိန်း(၂၀)ရှိတယ်လို့ ဦးသိန်းလှိုင်ကပြောပါတယ်။ ကျန်တဲ့ (၁၂၅)ဦးကိုလည်း ဒဏ်ရိုက်တဲ့သူတွေကိုရိုက်ပြီး ပိုတဲ့စပေါ်ငွေကိုတွေကို ပြန်ပေးပြီးပြီ၊ နှင်းနှင်းကတော့ ပေးစရာမလိုတော့တဲ့အတွက် ပြန်မထုတ်ပေးတာလို့ သူကဆိုပါတယ်။

ရွှေစက်တော် တည်းခိုးခန်းလျှောက်ထားတဲ့သူတွေအနေနဲ့ က ငွေတိုးတွေနဲ့ချေးပြီး လုပ်တာဖြစ်တာကြောင့် အခုလို ပိုက်ဆံတွေပြန်မရတဲ့အတွက် တချို့က လယ်ကွက်တွေပေါင်နှံရောင်းချပြီးဖြေရှင်းနေကြရတယ်လို့ မနှင်းနှင်းကပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နစ်နာသူတွေဘက်က ကိုယ့်ပိုက်ဆံကို ပြန်ရချင်သလို အမှန်တရားကိုလည်း ဖော်ထုတ်သွားမယ်လို့ မနှင်းနှင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

Share

Loading Next Article...
က္က