မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားက ဂရင်းဝုဒ်အနေနဲ့ ဂိုးတွေ ဆက်သွင်းနေမယ်ဆိုရင် အသင်းလူစာရင်းထဲကနေ ချန်လှပ်ထားဖို့ ဖြစ်နိုင်တော့မှာမဟုတ်ကြောင်း ဝန်ခံပြောကြားခဲ့တယ်လို့ Daily Mail ရဲ့သတင်းအရ သိရပါတယ်။
မေဆင်ဂရင်းဝုဒ်ဟာ ယမန်နေ့ညက အက်စ်တာနာနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပထမဆုံးစီနီယာကစားသမားဘဝ တရားဝင်သွင်းဂိုးကို သွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။
ဂရင်းဝုဒ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ယခုနွေရာသီ ရာသီကြိုခရီးစဉ်မှာ အင်တာမီလန်နဲ့ လိဒ်အသင်းတို့ကို ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် နည်းပြဆိုးလ်ရှားက လူကာကူကို အင်တာမီလန်အသင်း ရောင်းထုတ်ပြီး ယုံကြည်စွာနဲ့ နေရာပေးခဲ့တာဖြစ်ပါတယ်။
ယခုရာသီမှာ အရန်ခုံကနေ လေးကြိမ် လူစားဝင်ကစားခွင့်ရရှိခဲ့တဲ့ မေဆင်ဂရင်းဝုဒ်ဟာ ကာဇက်စတန်အသင်းဖြစ်တဲ့ အက်စ်တာနာနဲ့ပွဲစဉ်မှာ တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးပြီးနောက် နည်းပြဆိုးလ်ရှားက ဂရင်းဝုဒ်ကို ပွဲထွက်ခွင့်ပေးရတော့မယ်ဆိုတာ သိရှိခဲ့တာဖြစ်ပါတယ်။
“အသင်းအတွက် ကောင်းကောင်းစွမ်းဆောင်ပေးနိုင်တဲ့ကစားသမားကို အသင်းလူစာရင်းကနေ ချန်လှပ်ရတာက အမြဲတမ်းခက်ခဲပါတယ်”
“ကျွန်တော် ဒီကို ရောက်လာခဲ့တဲ့အချိန်တုန်းက ပြောခဲ့တာ မှတ်မိသေးတယ်။ တကယ်လို့ သူသာ ဂိုးသွင်းမယ်ဆိုရင် ကစားရလိမ့်မယ်လို့ ပြောခဲ့ပါတယ်”
“တကယ်လို့ သူ ကွင်းထဲမှာရှိနေတဲ့အချိန်မှာ ဂိုးတွေ ဆက်သွင်းနေမယ်ဆိုရင် သူ ပရီးမီးယားလိဂ်မှာလည်း ပွဲကစားချိန်ပိုရပါလိမ့်မယ်။ သူ မကြာမီအချိန်အတွင်းမှာ ပထမဆုံးပွဲထွက်ကစားသမားအဖြစ် ကစားရပါလိမ့်မယ်”လို့ သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။