Android ဖန်တီးသူ အန်ဒီရူဘင်ရဲ့ မအောင်မြင်ခဲ့တဲ့ Essential ဖုန်းကုမ္ပဏီက ဝန်ထမ်းဟောင်းတွေဟာ ကိုယ်ပိုင်ဖုန်းကုမ္ပဏီထောင်ပြီး ဖုန်းသစ်မိတ်ဆက်ဖို့ စီစဉ်နေကြပါတယ်။
လုပ်ငန်းဖျက်သိမ်းသွားတဲ့ Essential ကုမ္ပဏီရဲ့ ဝန်ထမ်းဟောင်းတွေဟာ ၂၀၂၁ ဒီဇင်ဘာလထဲမှာ OSOM နာမည်နဲ့ ကုမ္ပဏီတစ်ခု တည်ထောင်ခဲ့ပြီး OSOM OV1 နာမည်နဲ့ ဖုန်းသစ်အကြောင်း တရားဝင် ကြေညာသွားခဲ့ပါတယ်။ Essential ကုမ္ပဏီရဲ့ R&D ဌာနအကြီးအကဲဟောင်း ဂျေဆင် ကိသ်ဟာ OSOM ရဲ့ အမှုဆောင်အရာရှိချုပ်နဲ့ တည်ထောင်သူ ဖြစ်လာပြီး Privacy အသားပေး OSOM OV1 ဖုန်းသစ် ထုတ်မယ့်အကြောင်း ပြောသွားခဲ့ပါတယ်။
Essential Phone ရဲ့ အငွေ့အသက်တွေ ပြန်သယ်လာမယ့် OSOM OV1 ဟာ Essential ဆီက အမှားတွေကို ပြုပြင်ပြီး Flagship ဖုန်းတစ်လုံးရဲ့တကယ့်ပုံရိပ်ကို ချပြသွားမယ်လို့ ဆိုပါတယ်။ OSOM ကို Awesome လို့ အသံထွက်ပြီး OV1 ဆိုတာ OSOM Vault 1 လို့ ခေါ်ပါတယ်။ OSOM OV1 မှာ ကျောဘက်ကင်မရာ ၂ လုံးပဲ သုံးသွားမှာ ဖြစ်ပေမယ့် တကယ့် Flagship Camera အတွေ့အကြုံ ပေးနိုင်မယ်လို့လည်း ပြောထားပါတယ်။
OSOM ရဲ့ ပထမဆုံး ထုတ်ကုန်ဖြစ်လာမယ့် OSOM OV1 ကို ဒီနှစ် စတုတ္ထ သုံးလပတ်အတွင်း တရားဝင်မိတ်ဆက်မယ်လို့ ပြောထားပြီး အခုတော့ တခြားကုမ္ပဏီတစ်ခုနဲ့ ပေါင်းပြီး Solana Saga နာမည်နဲ့ Crypto/Web3 အသားပေးထုတ်ကုန်အဖြစ် ပြောင်းလဲ ထုတ်လုပ်သွားမယ်လို့ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ OSOM ဟာ မိုဘိုင်းထုတ်ကုန်တွေအတွက် Solana Mobile Stack ပိုင်း ထုတ်လုပ်နေတဲ့ web3 ကုမ္ပဏီ Solana နဲ့ ပေါင်းပြီး Android Flagship ဖုန်းတစ်လုံး ထုတ်လုပ်မယ်လို့ ဆိုပါတယ်။
OSOM ရဲ့ တရားဝင် Twitter အကောင့်မှာလည်း OSOM OV1 ဟာ Solana Saga ဖုန်းဆိုပြီး ဖြစ်လာမယ်လို့ ကြေညာပါတယ်။ Solana Blockchain စနစ် ပါပြီး web3 ထဲက ငွေပေးငွေချေကိစ္စ နဲ့ NFTs လို Digital Assets တွေ စီမံတဲ့ကိစ္စမှာ လွယ်ကူစိတ်ချရအောင် လုပ်သွားမယ်လို့ ဆိုပါတယ်။ Saga ဖုန်းကို ၂၀၂၃ မှာ ဈေးကွက်ထဲ ဖြန့်ချိသွားမှာ ဖြစ်ပြီး အမေရိကန် ၊ ကနေဒါနဲ့ ယူကေမှာ စရန် ဒေါ်လာ ၁၀၀ နဲ့ အော်ဒါတင်ထားနိုင်ပြီလို့လည်း ဆိုပါတယ်။ ဖုန်းဈေးနှုန်းအနေနဲ့ ဒေါ်လာ ၁၀၀၀ ကျသင့်မှာ ဖြစ်ပြီး ဖုန်းအော်ဒါအတွက် စရန် ဒေါ်လာ ၁၀၀ သွင်းဖို့ Solana Wallet တစ်ခု လိုမှာပါ။
Saga ဖုန်းဟာ ၆.၆၇ လက်မ 120Hz OLED Display သုံးပြီး Wireless Charging ပံ့ပိုးမှုပါ 4100mAh ဘက်ထရီ သုံးလာမယ်လို့ ဆိုပါတယ်။ Sanpdragon 8+ Gen 1 Chip ၊ RAM 12GB /512GB Storage သုံးပြီး 50MP Primary ကင်မရာနဲ့ 12MP Ultrawide Lens တို့ သုံးသွားမှာပါ။ Saga ဖုန်းသစ်ကို ၂၀၂၃ ပထမသုံးလပတ်မှာ ဈေးကွက်ထဲ ဖြန့်ချိသွားဖို့ ရှိပါတယ်။