ဂျပန်နိုင်ငံအနောက်ပိုင်း တောအုပ်အတွင်း သုံးရက်ကြာ ပျောက်ဆုံးနေခဲ့တဲ့ အသက် ၂ နှစ်အရွယ် လမ်းလျှောက်ခါစ ကလေးငယ်တစ်ဦးကို ထိခိုက်ဒဏ်ရာမရှိဘဲ အသက်ရှင်လျက် ပြန်ရှာတွေ့ခဲ့ကြောင်း သိရပါတယ်။
တောအုပ်ထဲမှာ သုံးရက်ကြာ ပျောက်နေခဲ့ပြီး ပြန်ရှာတွေ့ခဲ့သည့် ဖူဂျီမိုတို (Photo: Asahi)
ပျောက်ဆုံးနေခဲ့တဲ့ အဆိုပါကလေးငယ်ကို လိုက်လံရှာဖွေကြတဲ့ သတင်းဟာလည်း ဂျပန်တစ်နိုင်ငံလုံးက စိတ်ဝင်တစား စောင့်ကြည့်ကြတဲ့ သတင်းဖြစ်ခဲ့ပါတယ်။ ဖူဂျီမိုတိုကို ၎င်းပျောက်ဆုံးသွားတဲ့ တောအုပ်အတွင်း ရဲတပ်ဖွဲ့နဲ့ ဒေသခံတွေက အပူတပြင်း လိုက်လံရှာဖွေခဲ့ကြပါတယ်။
ကလေးငယ် ပျောက်သွားခဲ့သည့် နေရာအနီး မြင်ကွင်း (Photo: Asahi)
လမ်းလျှောက်တတ်စ ကလေးငယ် ဖူဂျီမိုတိုကို ပြန်ရှာတွေ့ချိန်စဉ် ဖိနပ်မပါဘဲ ကျောက်တုံးတစ်ခုပေါ်မှာ ထိုင်နေခဲ့ပြီး ၎င်းရဲ့ရှေ့ဘက်မှာ ရေအိုင်ငယ်တစ်ခုကို တွေ့ရကြောင်း အငြိမ်းစားတစ်ဦးဖြစ်သူ ဟာရူအိုကပြောပါတယ်။
"ပထမတော့ ဒါက လူမဟုတ်ဘူးလို့ ကျွန်တော်ထင်ခဲ့မိတာ၊ ဒါပေမဲ့ တစ်ကယ်ပဲ ပျောက်နေတဲ့ကလေး ဖြစ်နေတယ်၊ ကျွန်တော့်နှလုံးခုန်တာ ရပ်သွားခဲ့တယ်လို့တောင် ထင်ခဲ့မိပါတယ်" လို့ ဟာရူအိုက သတင်းထောက်တွေကို ဖွင့်ဟခဲ့ပါတယ်။
သုံးရက်ကြာ ပျောက်နေခဲ့သည့် ယိုရှီကီ ဖူဂျီမိုတို (Photo: Yamaguchi prefectural police)
အဆိုပါ ကလေးငယ် ပျောက်ဆုံးခဲ့တဲ့ သုံးရက်အတွင်း ယာမာဂူချီဒေသရဲ့ အပူချိန်ဟာ ၃၄ ဒီဂရီဆဲလ်စီးယပ် ဖြစ်နေခဲ့တယ်လို့ ဒေသခံမီဒီယာတွေက ပြောပါတယ်။
ကလေးငယ် ပျောက်ဆုံးသွားခဲ့တဲ့ တောအုပ်နေရာမှာ စမ်းချောင်းများနဲ့ မြစ်များ စီးဆင်းနေပြီး ကလေးငယ်အတွက် သောက်စရာရေ ရရှိခဲ့တာကြောင့် အသက်ရှင်နိုင်ခဲ့တယ်လို့ ဂျပန်မီဒီယာအချို့က သုံးသပ်ဖော်ပြခဲ့ပါတယ်။
ဖူဂျီမိုတို၏အိမ်အနီး လုံခြုံရေးချထားမှုနှင့် သတင်းထောက်များကို တွေ့ရစဉ် (Photo: Asahi)
တာအုပ်ထဲမှာ သုံးရက်ကြာပျောက်နေပြီး ပြန်ရှာတွေ့ခဲ့တဲ့ ကလေးငယ်ဟာ အသက်အန္တရာယ် စိုးရိမ်စရာမရှိဘဲ ဆေးရုံကနေ အမြန်ဆုံးဆင်းနိုင်မယ်လို့လည်း ဆေးရုံတာဝန်ရှိသူက ဆိုပါတယ်။ ဖူဂျီမိုတိုဟာ သြဂုတ် ၁၂ ရက်မှာ အဘိုးဖြစ်သူနဲ့ လမ်းလျှောက်ထွက်သွားပြီးနောက် ၎င်းတစ်ဦးတည်း နေအိမ်သို့ ပြန်စေခဲ့ရာမှ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
ကလေးငယ်၏ အဘိုးဖြစ်သူက သတင်းထောက်များနှင့် တွေ့ဆုံစဉ် (Photo: Kyodo)
ပျောက်ဆုံးနေခဲ့တဲ့ ကလေးငယ်ကို အပူအာရုံခံ ကင်မရာတပ်ဆင်ထားတဲ့ ဒရုန်းများ၊ ရှာဖွေရေးခွေးများနဲ့ ရဟတ်ယာဉ်များ အသုံးပြုပြီး ရဲတပ်ဖွဲ့ဝင် ၁၆၀ ဝန်းကျင်နဲ့ စေတနာ့ဝန်ထမ်း ပါဝင်ကူညီသူ အများအပြားက အပူတပြင်း လိုက်လံရှာဖွေခဲ့ကြကြောင်း သိရပါတယ်။
Share