တောင်ကိုရီးယားနိုင်ငံ စီဂျောင်းမြို့ရှိ ဆောက်လက်စ လူနေတိုက်ခန်းတွဲ အဆောက်အအုံတစ်လျှောက်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးကာ တစ်ဦးပျောက်ဆုံးနေကြောင်း သိရပါတယ်။
ဇွန်လ ၂၆ ရက်မှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါတိုက်ခန်းတွဲ မီးလောင်မှုအတွင်း လူ ၃၇ ဦးလည်း ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ မီးလောင်မှုအတွင်း ဒဏ်ရာရသူတွေအနက် တရုတ်အလုပ်သမား ၁၄ ဦး ပါဝင်ခဲ့ပြီး သေဆုံးသူနှစ်ဦးမှာ တရုတ်လူမျိုးများဟုတ် မဟုတ် မသိရှိသေးကြောင်း မီးသတ်ဌာနမှ ပြောခွင့်ရအမျိုးသားက ပြောပါတယ်။
မီးလောင်မှုအတွင်း ဒဏ်ရာရခဲ့သူတွေအနက် သုံးဦးဟာ ဒဏ်ရာပြင်းထန်တယ်လို့လည်း သိရပါတယ်။ အထပ် ၂၄ ထပ်ပါ ဆောက်လက်စ လူနေတိုက်ခန်း အဆောက်အအုံရဲ့ မြေအောက်ထပ် ကားရပ်နားတဲ့နေရာမှာ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဌာန ပြောခွင့်ရပုဂ္ဂိုလ်က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။
"ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးတစ်ခု ကြားလိုက်ရတယ်၊ ပြီးတော့ အဲဒီ အဆောက်အအုံကနေ မီးတောက်ကြီးနဲ့ မည်းနက်နေတဲ့ မီးခိုးတွေကို တွေ့ရတာပဲ" လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ယွန်ဟပ်သတင်းဌာနကို ပြောခဲ့ပါတယ်။
"မီးလောင်နေတဲ့ အဆောက်အအုံ ပြတင်းပေါက်တွေနဲ့ ငြမ်းစင်တွေပေါ်ကနေ အလုပ်သမားတွေက သူတို့ကို ကူညီကယ်ဆယ်ကြဖို့ အော်ဟစ်နေခဲ့ကြတယ်" လို့ နောက်ထပ် မျက်မြင်တွေ့ရှိသူက ဆိုပါတယ်။
လူနေတိုက်ခန်း အဆောက်အအုံ ဆောက်လုပ်နေတဲ့ ကုမ္ပဏီမှ တာဝန်ရှိသူတွေက မီးလောင်မှုဖြစ်ပွားစဉ်မှာ အလုပ်သမား ၁၆၉ ဦးခန့်ရှိနေခဲ့ကြောင်း ခန့်မှန်းပြောကြားခဲ့ပါတယ်။
ဆောက်လက်စ အဆောက်အအုံ မီးလောင်မှုကို မီးသတ်ယာဉ် အစီး ၄၀ နဲ့ မီးသတ်သမား ၁၁၅ ဦးဖြင့် ငြှိမ်းသတ်ရန်ကြိုးပမ်းခဲ့ကြောင်း သို့သော် မီးလောင်မှုကနေ ထွက်ရှိလာတဲ့ အဆိပ်သင့်အငွေ့နဲ့ မီးခိုးတွေကြောင့် အခက်အခဲဖြစ်ခဲ့တယ်လို့ မီးသတ်သမားတစ်ဦးက ဒေသခံ မီဒီယာကို ပြောခဲ့ပါတယ်။