တိုင်ဖွန်းမုန်တိုင်းကြောင့် တောင်ကိုရီးယားမှာ လူသုံးဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

တောင်ကိုရီးယားမှာ ဖြတ်သန်းတိုက်ခတ်ခဲ့စဉ် သေဆုံးဒဏ်ရာရမှုတွေဖြစ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းဟာ မြောက်ကိုရီးယားနိုင်ငံကိုလည်း ဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။

(တောင်ကိုရီးယားမှာ မုန်တိုင်းဝင်ရောက်စဉ်) (Photo: EPA)

ယနေ့ (စက်တင်ဘာ ၇ ရက်) မနက်အစောပိုင်းက တောင်ကိုရီးယားမှာ တိုင်ဖွန်းလင်းလင်း (Typhoon Lingling) ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်မှုကြောင့် လူသုံးဦးထက်မနည်း သေဆုံးခဲ့ပြီး အခြား လူ ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားမှာ မုန်တိုင်းကြောင့် ဂျေဂျူကျွန်းအပါအဝင် နိုင်ငံတစ်ဝှမ်း နေအိမ် ၅၇,၀၀၀ မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။



အဆိုပါ တိုင်ဖွန်းမုန်တိုင်းဟာ မြောက်ကိုရီးယားကုန်းတွင်းပိုင်းကိုလည်း ယနေ့နှောင်းပိုင်းမှာ စတင်ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ မြောက်ကိုရီးယားမှာတော့ မုန်တိုင်းကြောင့် လူငါးဦး သေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ကာ စိုက်ပျိုးမြေဧက ၁၂၀,၀၀၀ နီးပါးကို သက်ရောက်မှုဖြစ်ခဲ့ကြောင်း အစိုးရသတင်းဌာန KCNA က ထုတ်ပြန်ပါတယ်။

(မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်) (Photo: KCNA)

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က တိုင်ဖွန်းမုန်တိုင်း စတင်ဝင်ရောက်ခဲ့စဉ် အစိုးအဖွဲ့ အရေးပေါ် အစည်းအဝေးခေါ်ယူခဲ့ပြီး လိုအပ်တဲ့ဆောင်ရွက်မှုတွေ မရှိခြင်းအတွက် တာဝန်ရှိသူတွေကို ဆူပူကြိမ်းမောင်းခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာန KCNA က ဖော်ပြပါတယ်။

ကင်မ်ဂျုံအန်က တာဝန်ရှိသူတွေဟာ တိုင်ဖွန်းမုန်တိုင်းနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်မှု မရှိကြောင်းနဲ့ မုန်တိုင်းအန္တရာယ် အရေးကြီးမှုကို မသိကြဘဲ ပေါ့ပေါ့ဆဆ သဘောထားခဲ့ကြတယ်လို့ ပြောဆိုခဲ့ကြောင်း KCNA က ဖော်ပြခဲ့ပါတယ်။ မုန်တိုင်းကြောင့် ယခင်ကတည်းက စားနပ်ရိက္ခာပြတ်လပ်မှု တွေ့ကြုံနေရတဲ့ မြောက်ကိုရီးယားမှာ စိုက်ခင်းများ ပျက်စီးနိုင်မှုကို စိုးရိမ်ပူပန်ခဲ့ကြပါတယ်။

(တောင်ကိုရီးယားမှာ မုန်တိုင်းကြောင့် အပျက်အစီးဖြစ်ပေါ်မှု) (Photo: AP)

မြောက်ကိုရီးယား လူဦးရေ ၁၀ သန်းဟာ အရေးပေါ် စားနပ်ရိက္ခာ အကူအညီ လိုအပ်နေကြောင်း ကုလသမဂ္ဂက ယခုနှစ် အစောပိုင်းမှာ သတိပေးထားခဲ့ပါတယ်။ မြောက်ကိုရီးယားအစိုးရကလည်း ၃၇ နှစ်အတွင်း အဆိုးရွားဆုံး မိုးခေါင်ခြောက်သွေ့မှု တွေ့ကြုံနေရကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

တိုင်ဖွန်းမုန်တိုင်းလင်းလင်းဟာ တောင်ကိုရီးယားကို ဝင်ရောက်တိုက်ခတ်စဉ် လေတိုက်နှုန်း တစ်နာရီလျှင် ၈၆ မိုင်ရှိခဲ့ကြောင်း Yonhap သတင်းဌာနက ပြောပါတယ်။ မုန်တိုင်းကြောင့် တောင်ကိုရီးယားမှာ လေကြောင်းခရီးစဉ် ၂၇၀ ကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။

(တောင်ကိုရီးယားမှာ မုန်တိုင်းကြောင့် အပျက်အစီးဖြစ်ပေါ်မှု) (Photo: AP)

မြောက်ကိုရီးယားမှာ ရာသီဥတု ဆိုးရွားမှုကြောင့် လူသေဆုံးမှုတွေ ဖြစ်ခဲ့ဖူးပါတယ်။ ၂၀၁၆ ခုနှစ်က မြောက်ကိုရီးယားမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုတွေ ဖြစ်ပွားခဲ့မှုကြောင့် လူ ၁၃၈ ဦးထက်မနည်း သဆေုံးခဲ့ဖူးကြောင်း ကုလသမဂ္ဂက ထိုစဉ်က ပြောကြားခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ နွေရာသီကာလအတွင်း မိုးသက်မုန်တိုင်း အကြီးအကျယ် ကျရောက်ခဲ့မှုကြောင့် လူ ၁၆၀ ကျော် သေဆုံးခဲ့ကြောင်း AFP သတင်းက ဖော်ပြပါတယ်။

Share

Loading Next Article...
က္က